News

POST TYPE

EXTRA

ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် NGO များအတွက် ကန်ဒေါ်လာ ၂၁၅ သန်း ပြည်ပမှ ပံ့ပိုးမည်
04-Jul-2019
ရန်ကုန်၊ ဇူလိုင် ၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် INGO/NGO များအတွက် ကန်ဒေါ်လာ ၂၁၅ သန်းကို ပြည်ပအဖွဲ့အစည်းဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund) က ပံ့ပိုးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုလက်လှမ်းမီစေရေးအတွက် ပြည်နယ် ၈ ခုနှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၁၄၄ မြို့နယ်တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ တီဘီရောဂါကာကွယ်တိုက်ဖျက်ရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကလေးကျန်းမာဖွံ့ဖြိုးရေး၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ခုခံကျကာလသားရောဂါတိုက်ဖျက်ရေး၊ မူးယစ်ဆေးစွဲကုသခြင်းနှင့် အသည်းရောင် အသားဝါရောဂါ ကာကွယ်ကုသခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်စေရေးအတွက် လက်တွေ့အသုံးချ သုတေသနများကို တွဲဖက်ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများကို ထည့်သွင်းရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ရန်ပုံငွေအဖွဲ့အနေနှင့် ၂ နှစ်တာကာလအတွင်း အမျိုးသားကျန်းမာရေး စီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ သန်း၊ တီဘီရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ သန်း၊ အမျိုးသားအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၁ သန်း၊ ကလေးကျန်းမာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ သန်း၊ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၅ သန်းပံ့ပိုးမည်ဖြစ်သည်။

ထို့ပြင် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် ပူးတွဲဆောင်ရွက်မည့် မူးယစ်ဆေးစွဲကုသခြင်း၊ သုတေသနအဖွဲ့နှင့် အမျိုးသား အသည်းရောင် အသားဝါ လုပ်ငန်းစီမံချက်လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၂ သန်းအပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ သန်းကိုပါ ပံ့ပိုးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

J-12