News

POST TYPE

EXTRA

ပင်လုံညီလာခံ မအောင်မြင်ခြင်းသည် သူ့မူ ကိုယ့်မူ မလျှော့တမ်း ဆုပ်ကိုင်ထားခြင်းကြောင့်ဟုဆို
15-May-2019
ရန်ကုန်၊ မေ ၁၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ၂၁ ရာစု ပင်လုံညီလာခံကို သုံးကြိမ်တိုင် ကျင်းပနိုင်ခဲ့သော်လည်း ပြောပလောက်သည့် အောင်မြင်မှု မရရှိခဲ့ခြင်းသည် အစုအဖွဲ့အားလုံးက သူ့မူကိုယ့်မူကို မလျှော့တမ်း ဆုပ်ကိုင်ထားခြင်းကြောင့်ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည့်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ငါးရက်ကြာ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်က ခွဲမထွက်ရ၊ တစ်ခုတည်းသော တပ်မတော်၊ ငြိမ်းချမ်းရေးမူ ၆ ချက်တွေတင်မကဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက အလှမ်းကွာဝေးဆဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူ့မူကိုယ့်မူကို ခဏဘေးဖယ်ထားပြီး သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆွေးနွေးနိုင်ရင်တော့ နှစ်ဖက်စလုံး အရှုံးကို မရင်ဆိုင်ရဘဲ အောင်မြင်မှုကို နှစ်ဦးနှစ်ဖက် ရရှိမှာဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

၎င်းအနေနှင့် မိန့်ခွန်းပြောကြားရာတွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကာလ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ခေါင်းဆောင်များသည် ရွေးကောက်ပွဲကိုသာ အာရုံရောက်နေသဖြင့် ၂၀၂၀ အလွန်နှင့် ၂၀၂၀ မတိုင်မီ ကာလများအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဖြစ်သင့်သည့်အနေအထားကို ကြိုတင်ဆွေးနွေးကာ သဘောတူညီချက်ရယူရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောကြားသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီဥက္ကဋ္ဌလည်းဖြစ်သည်။

ငါးရက်တာ ကြာမြင့်မည့် အဆိုပါဆွေးနွေးပွဲတွင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခြင်း၊ အပစ်ရပ်စောင့်ကြည့်ရေးဆိုင်ရာ (JMC) လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ UPDJC လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအစည်းအဝေးမှသိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU-PC) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) စသည့်အဖွဲ့များ လက်မှတ်ထိုးထားသည်။

J-08