News

POST TYPE

EXTRA

ကာ/လုံ ဖျက်သိမ်းမည့် ပြင်ဆင်ချက် ရခိုင်ပါတီ တင်ပြ
23-Apr-2019
နေပြည်တော်၊ ဧပြီ ၂၂

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ (ကာလုံ) ဖွဲ့စည်းပေးထားသော အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖျက်သိမ်း၍ ယင်းအဖွဲ့၏ ဆုံးဖြတ်ပေးရမည့် အခွင့်အာဏာကို နိုင်ငံတော်သမ္မတ တစ်ဦးတည်း၏ လုပ်ပိုင်ခွင့်အဖြစ်သို့ သက်ရောက်စေမည့် ပြင်ဆင်ချက်ကို ရခိုင်အမျိုးသားပါတီက တင်သွင်းထားကြောင်း ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅ ဦးပါဝင်သော ပူးပေါင်းကော်မတီအစည်းအဝေးကို ယနေ့ (ဧပြီလ ၂၂ ရက်)က လွှတ်တော်တွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကာလုံရယ်လို့ သီးခြားခွဲမထားတော့ဘူး။ ကျွန်တော်တို့ပါတီရဲ့သဘောပြောတာ။ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ သင့်တော်တဲ့ဌာန အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးမှ ကာလုံအလုပ်ကိုလုပ်ဖို့က စစ်ရေးစစ်ရာကအစ၊ လုံခြုံရေးကအစ ဆိုင်ရာဆိုင်ရာ ညှိပြီးမှ အကောင်အထည်ဖော်ဖို့၊ ကာလုံက Permanent လုပ်ခွင့်မရှိဘူးပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းအစည်းအဝေးကို ယခုတစ်ပတ်လုံး ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် အခြေခံဥပဒေပါ အခန်း (၅)အထိ ပြင်ဆင်ချက်အသီးသီးကို အစုအဖွဲ့အလိုက် တင်ပြနေခြင်းဖြစ်သည်။

အစုအဖွဲ့များအလိုက် ပြင်ဆင်ချက် တင်ပြနေခြင်းဖြစ်သော်လည်း ရခိုင်ပါတီ ကိုယ်စားပြု တက်ရောက်နေသူ အထက်ပါပုဂ္ဂိုလ်ကသာ မီဒီယာများကို ဖြေကြားပြီး ကျန် (တပ်မတော်၊ NLD၊USDP နှင့် ပါတီငယ်များ)က ပြောကြားခြင်း မရှိပေ။

“ကာလုံရယ်လို့ သက်သက်မရှိတော့ဘူး။ ဒီသဘောပဲ။ သမ္မတက နိုင်ငံတော်ရဲ့အထွဋ်အထိပ်ပဲ”ဟု ဦးအောင်ကျော်ဇံက ထပ်လောင်း ပြောသည်။

NLD ပါတီမှ ဦးအောင်ကြည်ညွန့်က “ဒီနေ့ အခန်း ၅ က ပုဒ်မ ၁၉၉ က စတာလေ။ တကယ်တမ်း ပြင်ဆင်ချက်တွေက ပုဒ်မ ၂၀၀ ကစတယ်။ ၁၉၉ က ပြင်ဆင်ချက်မရှိဘူး။ အခုပြီးသွားတာ ပုဒ်မ ၂၃၅ ထိ ပြီးသွားတာ။ မနက်ဖြန် ဆက်မယ်။ အကြံပြုချက်တွေ၊ ပြင်ဆင်ချက်တွေကတော့ အများကြီးပဲပေါ့။ တင်ကြတာတွေရှိတယ်။ တော်တော်များများလည်း တင်ကြတယ်။ နိုင်ငံရေးပါတီ အသီးသီးအနေနဲ့ပေါ့”ဟု မီဒီယာများကို ပြောသည်။

တပ်မတော်သား အစုအဖွဲ့အနေနှင့် ယင်းအစည်းအဝေး အခြေအနေကိုပြောကြားရန် အစီအစဉ်မရှိကြောင်း ဆိုသည်။

S-01