News

POST TYPE

EXTRA

နောက်ပိုး
28-Mar-2019



ချစ်ရသည့်ကောင်မလေးနောက် တကောက်ကောက်လိုက်ကာ ပိုးပန်းသည့်ခေတ်... ဟောင်းကျန်ရစ်ပြီလား။

ထားဝယ်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးကတော့ သူ့နောက်က တကောက်ကောက်လိုက်ပိုးသူဆိုလျှင် “တာ့တာပဲ”ဟု ပြောလာသည်။

“နောက်ကနေ လိုက်ပြောတာမျိုးကတော့ အနှောင့်အယှက်ဖြစ်တယ်။ မိန်းကလေးတစ်ယောက်အတွက် ဣနြေ္ဒပိုင်းအရလည်း ထိခိုက်တယ်လေ။ အဲလိုမျိုး လိုက်ပြောခံရရင်လည်း ကိုယ့်ဘာသာကိုယ် သိက္ခာကျတယ်လို့ ခံစားရတယ်”ဟု ထိုကျောင်းသူလေးက ဆိုလာသည်။

ခေတ်အခြေအနေအရ အခြားပျိုကညာတို့သည်လည်း သူမခံယူချက်အတိုင်း ဖြစ်နေနိုင်ပါသည်။ ယခုခေတ်ကား ကမ္ဘာ့ရွာခေတ်၊ လက်ကိုင်ဖုန်းခေတ်၊ အိုင်တီနည်းပညာ ထွန်းကားဖွံ့ထွားလွန်းသည့်ခေတ်။

“ကိုယ်စိတ်ဝင်စားတဲ့သူနဲ့ ယုံကြည်မှုရှိအောင် လူမှုကွန်ရက်မှာ အရင်ပြောပြီးတော့မှ အပြင်မှာ တွေ့ကြတာများတယ်”ဟု ထားဝယ်မြို့နေ အသက် ၂၁ အရွယ် ကိုချစ်ခင်က ဆိုလာသည်။

လက်ရှိ အသက် ၃၀ ကျော်၊ ၄ ထိပ်စီးနှင့်အထက် ကိုကိုနောက်ပိုးကြီးတို့ခေတ်နှင့် မတူတော့။

ထိုကိုကိုနောက်ပိုးကြီးတို့ခေတ်က Facebook, Viber, Link စသည့် အိုင်တီဆက်သွယ်ရေးကွန်ရက် မဆိုထား၊ သာမန် တယ်လီဖုန်းလေးနှင့်ပင် ချစ်သူကို ပိုးခွင့်မရခဲ့ကြ။

“ကိုယ်တွေခေတ်တုန်းက ကောင်မလေးတစ်ယောက်ကို စာလိုက်ပေးတာ ရည်းစားစကား လိုက်ပြောရတာ မလွယ်ဘူး။ တော်ရုံဇွဲနဲ့တော့ ကောင်မလေး တစ်ယောက်ရဲ့ အဖြေကိုရဖို့ မလွယ်ဘူး”ဟု မြိတ်မြို့သား ကိုဦးက ပြောသည်။

အသက် ၄၂ နှစ်ရှိ ကိုဦးတို့ခေတ်က ပိုးသူနှင့် အပိုးခံရသူကြား ကြားခံစက်ပစ္စည်း အကူအညီ လုံးဝမရှိ။

လူအောင်သွယ် ရှိကောင်းရှိမည်။ အောင်သွယ်တော်မရှိလျှင် ကိုယ့်လက်ရုံးရည်၊ နှလုံးရည်အပြင် ခြေသလုံးကိုပါ အားကိုးရသည့်ခေတ်။ ကိုဦးတို့ လူငယ် ခေတ်က ကောင်မလေးနောက် တကောက်ကောက် လိုက်ပိုးရသည့်ခေတ်။

တနင်္သာရီတိုင်း၏ မြို့ပြ၊ ကျေးလက် ကောင်မလေးတစ်ယောက်ကို လိုက်ပိုးရန် စက်ဘီးတစ်စီး ရှိထားရသည့်ခေတ်။

ကိုယ်ပိုးနေသည့် ကောင်မလေး ကျောင်းသို့၊ ကျူရှင်သို့၊ ဈေးသို့၊ အလုပ်သို့၊ စာအုပ်ဆိုင်၊ တိပ်ခွေဆိုင်သို့၊ အလှူသို့၊ ဟိုရွာဤရွာသို့ စက်ဘီးဖြင့်သွားသည်ကို ချောင်းနေမည်။ နောက်မှ ခြေသလုံးအားကိုးဖြင့် စက်ဘီးနင်းလိုက်မည်။ ဖောရောသောရော စကားဝင်ပြောမည်။

စက်ဘီးဖြင့် တကောက်ကောက်လိုက်ကာ မိမိ စိတ်ဝင်စားနေကြောင်း၊ ချစ်နေကြောင်း ကောင်မလေးသိအောင် နှုတ်အမူအရာ၊ စကားအမူအရာ၊ မျက်နှာအမူအရာ ပြမည်။

အလျဉ်းသင့်လျှင် အသစ်ယူလာသည့် ရည်းစားစာ ပေးမည်။ သို့မဟုတ်ဘဲ စကားပြောကောင်းသူ၊ သတ္တိရှိသူဆိုက အတင်းဖွင့်ပြောမည်။

စက်ဘီးဖြင့် တကောက်ကောက်လိုက်ကာ ချစ်ကြောင်းပြမည်။ ချစ်ရေးဆိုမည်။ အဖြေတောင်းမည်။

“ကိုယ့်ပတ်ဝန်းကျင်မှာ ရွှေစွန်ညို လာလုပ်နေ တတ်တယ်။ ကိုယ်ဘယ်သွားမလဲဆိုတာ အမြဲမျက်စိ ဒေါက်ထောက်ကြည့်နေပြီး အခွင့်အရေးရရင် တကောက်ကောက်လိုက်တယ်။ ပြောရဲဆိုရဲတဲ့ ယောကျာ်းလေးတွေက အတော်နည်းကြတယ်”ဟု အသက် ၄၀ နှစ်ခန့် ရှိပြီဖြစ်သည့် မြိတ်မြို့သူ မစန်းသူက သူမတို့ အပျိုအရွယ်က ဖြတ်သန်းခဲ့ရသည့် နောက်ပိုးဓလေ့ကို ပြန်ပြောပါသည်။

ထိုသို့ တကောက်ကောက်လိုက်၍ လူပျိုလေးတို့ က အပျိုလေးတို့အား ပိုးပန်းကြသည်ကို ထိုခေတ် ပတ်ဝန်းကျင်က အပြစ်ယူလေ့မရှိပါ။

အပိုးခံရသည့် ကောင်မလေးတို့ကလည်း သိက္ခာကျရပါသည်ဟု မယူဆကြပါ။ မိမိကြည်ဖြူသူ နောက် ထိုသို့ တကောက်ကောက်လိုက်ပိုးပါက တိုးတိုးတိတ်တိတ် ရင်ခုန်၊ ရင်တုန်ပျော်မြူး ကြည်နူးဂုဏ်ယူ။

“အပိုးခံရတာတော့ များသား။ ရင်ခုန်စရာဆိုတာထက် စိတ်လှုပ်ရှားတာပေါ့၊ ရည်းစားစကား ပြောခံရရင်။ အစ်ကိုတွေနဲ့လည်း သူတို့တွေ ရန်ဖြစ်ရတာ ခဏခဏ။ ကိုယ်ကတော့ ဂုဏ်ယူသလိုလိုပေါ့ အဲ့ချိန်က”ဟု ကော့သောင်း အေးရိပ်ငြိမ်ရပ်နေ အသက် ၃၀ အရွယ် မသဇင်က ပြောသည်။

ယင်းသို့ ပိုးသူ၊ အပိုးခံရသူတိုင်းတွင် ယခုထိ မေ့မရနိုင်သော တိုက်ဆိုင်တိုင်း သတိရလာတတ်သော လွမ်းမောဖွယ်၊ ရင်ခုန်ဖွယ်၊ ဝမ်းနည်းဖွယ်၊ ကြည်နူးဆွတ်ပျံ့ဖွယ် အတွေ့အကြုံကိုယ်စီ ရှိနေတတ်ပါသည်။

ထားဝယ်မြို့သား ကိုချစ်ခင်၏ အမှတ်ရစရာ အဖြစ်အပျက်ကား စိတ်လှုပ်ရှားစရာ ကောင်းလွန်းပါသည်။

ဆောင်းတွင်း မနက်ခြောက်နာရီခန့်၊ ချစ်သူနောက်က တကောက်ကောက်လိုက်ပိုးရန် ဇွဲကောင်းကောင်းဖြစ် အိပ်ရာကထ။ လူပြတ်သည့်လမ်း ဆောင်းနှင်းဖွေးဖွေးကြားတွင် ထိုင်။ လူသွားလူလာလည်းမရှိတော့ ချစ်သူနှင့်တွေ့လျှင် လွတ်လွတ်လပ်လပ်။ ပိုင်ပြီဟု စိတ်ကူးဖဲရိုက်ရင်း ချစ်သူလာမည့်လမ်းကို မျှော်ယောင်ယမ်းနေချိန်...၊

“ခွေးလိုက်ဆွဲလို့ ထွက်ပြေးရတာ ဆောင်းတွင်းကြီး ချွေးတောင်ပြန်လို့”

တချို့ကလည်း မိမိချစ်သူကောင်မလေးကို ပိုးခွင့်ရမည်ဆိုလျှင် ရှေ့နောက် ချိန်ဆမနေ။

မြိတ်သား ကိုဦးတစ်ယောက် မိမိပိုးနေသည့် ဆယ်တန်းကျောင်းသူ အိမ်ပြန်ခရီးကို ကားဂိတ်သို့ သူငယ်ချင်းတစ်ဦးနှင့်အတူ နောက်ယောင်ခံ လိုက်မိရာမှ ကောင်မလေး ကားပေါ်တက်သော် စိတ်မထိန်းနိုင်။

စက်ဘီးကို သော့ခတ်ကာ ကားနောက်မြီး ခိုတွဲတော့ သူငယ်ချင်းကလည်း အတူတွဲ။

ကားတွယ်စီးရင်း ကောင်မလေးကို ခိုးခိုးကြည့်၊ ခရီးက ရောက်မှန်းမသိ ရောက်ရင်း ကောင်မလေးရွာရောက်တော့ မိုင် ၂၀ ကျော်။

အပြန်ကားက မရှိ၊ ဆိုင်ကယ် တက္ကစီခေတ်လည်း မဟုတ်။ ညအိပ်ရန်လည်း အသိအိမ်မရှိ။

အတူပါသူငယ်ချင်း၏ ဗျစ်တောက် ဗျစ်တောက် ဆဲဆိုသံကို နာခံရင်း၊ ဆာနေသည့်ဗိုက်ကို ကြုံသည့်ဆိုင်တွင် ရေနွေးကြမ်း၊ လက်ဖက်သုပ်လေးဖြင့် ဖြည့်တင်းရင်း မြို့ပြန်ခရီးရှည်ကို ခြေလျင်ဒိုး။

ဆယ်မိုင်လောက် လျှောက်ပြီးမှ ဝက်တင်ကားဖြင့် မြို့ကို လမ်းကြုံလိုက်ခဲ့ရသည့် မိုးမမြင်လေမမြင် နောက်ပိုး နေ့ရက်တွေ။

“ကောင်မလေးက အဲဒီမှာ သနား အဖြေပေးလိုက်တယ်”ဟု ကိုဦးက ပြန်လည် စားမြုံ့ပြန်ပါသည်။

ယခုခေတ်ကား စက်ဘီးခေတ် မဟုတ်တော့။ ဆိုင်ကယ် တဝီတီခေတ်။ ဆိုင်ကယ်ဖြင့်သွားနေသည့် ကောင်မလေးကို ဆိုင်ကယ်ဖြင့် လိုက်ပိုးကြသည်ရှိ သော်လည်း အန္တရာယ်များလှသည့်ခေတ်။

ထို့အတူ ယင်းသို့ ဆိုင်ကယ်တဝီဝီဖြင့် ဘေးချင်းယှဉ်မောင်းကာ တကောက်ကောက်လိုက်ပိုးလျှင် သရုပ်ပျက်သည်၊ စရိုက်ကျသည်၊ သိက္ခာကျသည်ဟု ထင်မြင်ယူဆလာကြသည့်ခေတ်သို့ ရောက်ရှိခဲ့လေပြီ။

“နောက်ကနေ စကားလိုက်ပြောတာ မတွေ့ရတော့ဘူး။ လိုက်ပြောဖို့ကလည်း တော်တော်ခဲယဉ်းသွားတယ်”ဟု ထားဝယ်မြို့သား ကိုချစ်ခင်က ဆိုလာသည်။

တစ်ချိန်က နောက်က တကောက်ကောက် လိုက်ပိုးခံခဲ့ရဖူးသည့် ကော့သောင်း အေးရိပ်ငြိမ်ရပ်ကွက်သူ မသဇင်သည်လည်း ယခုခေတ်တွင် တကောက်ကောက် နောက်ပိုးလေးများကို မတွေ့ရတော့ဟု ဆိုသည်။

“ခုခေတ်က လိုက်ပိုးစရာမလိုတော့ဘူး၊ ဖုန်းနဲ့ ဆက်သွယ်ရုံပဲလေ”ဟု မသဇင်က ဆိုသည်။

တစ်ခါတစ်ရံသော ညနေစောင်းများတွင် စက်ဘီးလေးကို ငြိမ့်ငြိမ့်လေးစီးနေသည့် ကောင်မလေး၏ နံဘေး၊ ဆိုင်ကယ်လေးကို နွဲ့နွဲ့လေး စီးနေသည့် ကောင်မလေးတစ်ယောက်ယောက်၏ နံဘေးတွင် နောက်ပိုးကောင်လေးက သိမ်မွေ့နူးညံ့စွာဖြင့် နှစ်ကိုယ်ကြား စကားလိုက်ပြောနေသော မြင်ကွင်းမျိုးကို ကြည်နူးဖွယ် တွေ့ရတတ်ပါသည်။

ထိုသို့သော မြင်ကွင်းမျိုးက အသက် ၃၀ ကျော် ၄ ထိပ်စီးနှင့်အထက် နောက်ပိုး ကိုကိုများ၊ အပိုးခံမမကြီးများအတွက် ငယ်မူငယ်သွေး ပြန်ကြွစေသော၊ ရင်ခုန် ကြည်နူးဖူးခဲ့ရသည့် အတိတ်ကာလကို ပြန်လွမ်းဆွတ် အမှတ်ရစေသောမြင်ကွင်းမျိုး ဖြစ်နေတတ်ပါသည်။

တနင်္သာရီသတင်းအဖွဲ့