News

POST TYPE

EXTRA

ဆေးတက္ကသိုလ်သို့ ဝင်ခွင့်ပြုမည်ဟုကတိပေးထားသော်လည်း ကျောင်းသား ၂၀၀ ခန့် တက်ခွင့်မရသေး
20-Jan-2019
မန္တလေး၊ ဇန်နဝါရီ ၂၀

ကျောင်းသား၊ ကျောင်းသူ နှစ်ရာကျော်ကို ဆေးတက္ကသိုလ်ဝင်ခွင့်ပြုလုပ်ပေးမည်ဖြစ်ကြောင်း လွှတ်တော်တွင်ပြောကြားထားသော်လည်း ယနေ့အချိန်အထိ ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်မရသေးကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းအောင်မှတ် ၅၀၀ ကျော်ဖြင့် အောင်မြင်ခဲ့၍ ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ဦးစားပေးတစ်ခုတည်းကိုသာ လျှောက်ထားခဲ့ကြသဖြင့် ယင်းတက္ကသိုလ်များသို့ ဝင်ခွင့်မရဘဲ တက္ကသိုလ် တက်ရောက်ခွင့် ဆုံးရှုံးနေကြကြခြင်းဖြစ်ပြီး ယင်းသို့ ရင်ဆိုင်နေရသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၂၀ နီးပါးအထိရှိနေခြင်း ဖြစ်သည်။

“ဝန်ကြီးက လွှတ်တော်မှာ ဆေးတက္ကသိုလ်က မူလသတ်မှတ်ထားတဲ့ ဦးရေအတိုင်း ပြည့်မီအောင် တက်ရောက်ခွင့်ပြုမယ်။ ၂၀ လျော့နေရင် ၂၀၊ ၃၀ လျော့နေရင် ၃၀ ထပ်တိုးခေါ်မယ်လို့ ပြောထားတယ်။ ဒါပေမယ့် ကလေးတွေက ခုထက်ထိ တက်ရောက်ခွင့်မရကြသေးဘူး။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နဲ့ ဆေးနှီးနွယ် တက္ကသိုလ်တွေကိုတော့ တက်ခွင့်ပေးတယ်။ ကျွန်တော်တို့ဖြစ်စေချင်တာက ဆေးတက္ကသိုလ်မှာ လစ်လပ်နေတဲ့ ဦးရေတွေအတွက်ကို ဖြည့်တင်းပြီးတော့ ခေါ်ပေးစေချင်တာပါ”ဟု တက္ကသိုလ်ကထိကတစ်ဦးဖြစ်သည့် ကျောင်းသားမိဘဖြစ်သူ ရန်ကုန်မြို့မှ ဦးစန်းလွင်က ဆိုသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျန်းမာရေးှနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးတက္ကသိုလ်များအတွက် သတ်မှတ်လူဦးရေ ၁၂၀၀ ပြည့်သည်အထိ ခေါ်ယူပေးမည်ဖြစ်ကြောင်း ပညာရေးမြင့်တင်မှုကော်မတီက မေးမြန်းသည်ကို ဖြေကြားထာသည့်အပြင် ယင်းလ ၂၄ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်တွင်လည်း ဆေးတက္ကသိုလ်များအတွက် ကျောင်းသား ၂၀၀ ခန့် လိုအပ်နေသေးကြောင်း ယင်းနေရာများအတွက် ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

လက်ရှိတွင် ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် ၆၇ ဦး၊ (၂) တွင် ၅၆ ဦး၊ မန္တလေးဆေးတက္ကသိုလ်တွင် ၃၇ ဦး၊ မကွေးဆေးတက္ကသိုလ်တွင် ၂၄ ဦးနှင့် တောင်ကြီးဆေးတက္ကသိုလ်တွင် ၂၀ ဦး၊ စုစုပေါင်း ဆေးတက္ကသိုလ် တက်ခွင့်ပြုလူဦးရေပြည့်မီရန်၂၀၄ ဦးခန့် လစ်လပ်လျက်ရှိပြီး ယင်းလစ်လပ်နေရာများကို ဆေးတက္ကသိုလ် လျှောက်ထားသည့်ကျောင်းသား၊ကျောင်းသူများအနက် အမှတ်အများအနည်း အစဉ်အတိုင်း အစားထိုး ဖြည့်တင်းပေးရန် မိဘများကလိုလားနေခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် မရသည့်ကျောင်းသား၊ ကျောင်းသူပေါင်း ၂၂၀ ခန့်ရှိချိန်တွင် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်တို့တွင် တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများလည်း ရှိနေပြီး ဆေးတက္ကသိုလ်များတွင်လည်း တက်ရောက်ခွင့်ရရှိကာ တက္ကသိုလ်နှစ်ခုသုံးခုတွင် စာရင်းဝင်နေသူ ကျောင်းသား၊ကျောင်းသူ ၁၇၀ ကျော်အထိရှိနေကြောင်း ဆေးတက္ကသိုလ်တက်ခွင့်ရကျောင်းသားစာရင်းများအရ သိရသည်။

ယခင်နှစ်များက တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် သက်ဆိုင်ရာတက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားခြင်းမဟုတ်ဘဲ အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်ဝင်ခွင့်ပြုသည့် အရေအတွက်၊ ကျောင်းသားများ၏ရမှတ်အရ သက်ဆိုင်ရာ တက္ကသိုလ်များသို့ တက်ရောက်ခွင့်ပြုခြင်းဖြစ်သည်။

M-04