News

POST TYPE

EXTRA

ဆရာဝန်လက်မှတ်နဲ့သာ ရောင်းရမယ့် ဆေးဝါးများဂယက်
03-Dec-2018


ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူသိုလှောင်မှုကို ကန့်သတ်ထိန်းချုပ်ထားတဲ့ ဒိုင်ယာစီပင် (Diazepam)၊ ထိုးဆေး၊ သောက်ဆေး၊ အယ်ပရာဇိုလင် (Alprazolan) နဲ့ ထရာမဒေါ (Tramadol) ဆေးဝါးတို့ကို တရားမဝင် ရောင်းချသူထံမှ ဝယ်ယူကာ သိုလှောင်ရောင်းချတဲ့ မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်မောင်ကို မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း နိုဝင်ဘာ ၁၇ သတင်းအရ သိရတယ်။ 

ဆရာဝန်နဲ့ မူးယစ်ဆေးဝါးပတ်သက်မှုဟာ သည်တစ်ယောက်တည်းမဟုတ်ပါဘူး။ ယနေ့တိုင် ခွဲစိတ်ခန်း သို့မဟုတ် နာကျင်ကိုက်ခဲ ကင်ဆာရောဂါများသက်သာစေဖို့ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းဝယ်ခွင့်ရှိတဲ့ ဆေးဝါးအဖြစ် ယနေ့တိုင် ရှိနေဆဲပါပဲ။ ထူးခြားတဲ့ အဆိုတော် အဲဗစ်ပရက်စလေ အိပ်ပျော်ဖို့ မူးယစ်ဆေးဝါးထိုးပေးနေတဲ့ ဆရာဝန်၊ လူမည်းအဆိုတော် မိုက်ကယ်ဂျက်ဆင် အိပ်ပျော်စေဖို့ မေ့ဆေးထိုးပေးနေတဲ့ ဆရာဝန်တို့လည်း ရှိကြပါတယ်။ ယင်းဆရာဝန်နှစ်ယောက်တော့ ဆရာဝန် ကျင့်ဝတ်နဲ့မညီဘဲ မူးယစ်ဆေးဝါးကို သိသိနဲ့ ထိုးပေးခဲ့လို့ လူသတ်မှုနဲ့ပါ စွဲချက်တင်၊ ဆေးကုသမှု လက်မှတ်သိမ်းခြင်း၊ ထောင်ချခြင်း ဆောင်ရွက်ခံရပါတယ်။ 

ယခု ဒေါက်တာမောင်မောင်က ဒိုင်ယာစီပင် အပါအဝင် Aprazolan နဲ့ Tramadol တို့ စုဆောင်းထားရာ Diazepan ထိုးဆေး ၄၉၄၀ ပုလင်း၊ သောက်ဆေး ၉၆၀ ပြား၊ Aprozolan သောက်ဆေး ၁၂၁၅ ပြား၊ Tramadol ထိုးဆေး ၁၉၀ ပုလင်း၊ သောက်ဆေး ၄၀၀ တောင့်တို့ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရတယ်။ လက်ရှိမှာ ယင်းတားမြစ်ဆေးဝါး လက်ဝယ်တွေ့ရှိတဲ့ ဦးကျော်ကျော်မင်းကို မဟာအောင်မြေမြို့နယ် ရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ဂ)/၂၁ နဲ့ အမှုဖွင့်ထားကာ ဒေါက်တာမောင်မောင်ကိုလည်း မူးစိတ် ဥပဒေပုဒ်မ ၁၉ (က) အရ နိုဝင်ဘာ ၁၆ ရက်က အမှုဖွင့်ထားတယ်လို့ သိရတယ်။ 

မူးယစ်ဆေးဝါးဆိုပြီး တစ်နှစ်ကုန်တိုင်း ပိုပြီး ကန့်သတ်ထုတ်ပြန်လာတာ သည်ဘက်ခေတ်မှာ ခပ်စိပ်စိပ်ဖြစ်လာတဲ့ အချိန်အခြားနာမည်အသစ်တွေနဲ့ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကြွဆေးပြား စာရင်းထဲ ရောက်သွားတဲ့ ဆေးဝါးက ၆၀၀ ကျော်လာပြီ ဖြစ်တယ်။ မူးယစ်မှောင်ခိုသမားတွေကလည်း လက်တစ်လုံးခြားလုပ်ကာ ဝယ်ယူရောင်းဝယ်နေကြပြီး မူးယစ်သတင်းပေးဌာန၊ နိုင်ငံတော်သမ္မတရုံးထံ ဖုန်းဆက်အကြောင်းကြားလာလို့ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ 

ယနေ့အချိန်ထိ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး လက်ကြီးဒိုင်တွေ မမိသေးတာတော့ စိတ်ထဲ ဘဝင်မကျလှပါဘူး။ ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ထံမှ အိုက်စ် (ICE)၊ အက်ဖတမင်းဆေးပြားမိတယ်။ ဘယ်ကရသလဲ မစစ်ချင်ဘူးလား။ “မိုးအောင်ရင်” တင်ရပ်သွားတယ်။ ဒါရိုက်တာမိုက်တီးထံမှ စိတ်ကြွဆေးပြား ၂၆ ပြားမိတယ်။ ဒါရိုက်တာမိုက်တီးဘယ်က ရသလဲ၊ မသိချင်တော့ဘူးလား။ ၂၀၁၆ က နေပြည်တော်လေဆိပ်မှာမိတဲ့ ဖြိုးကိုကိုတင့်ဆန်းဆီက စိတ်ကြွဆေးပြားတွေ၊ လက်နက်တွေမိတယ်။ စိတ်ကြွဆေးပြား၊ မူးယစ်ဆေးဘယ်ကရသလဲ၊ လက်နက်ဘယ်ကရသလဲ မသိချင်တော့ဘူးလား။ ဖြိုးကိုကို တင့်ဆန်းက သွားလိုက်တာ ဖခင်ဖြစ်သူ ဦးတင့်ဆန်းတောင် ခေါ်မစစ်ပါဘူး။ 

ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး လှည့်လည်ဖြန့်ဖြူးရောင်းချနေသူတွေ နိုဝင်ဘာလ ၁၆ ရက်က မင်္ဂလာတောင်ညွန့်နဲ့ အင်းစိန်မြို့နယ်တို့မှာ ဖမ်းဆီးမိခဲ့တယ်။ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့် (၂) လမ်းမှာ မသင်္ကာတဲ့ ညီညီဖြိုး ၂၉ နှစ်ကို စစ်ဆေးရာ လွယ်အိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉ ပြား၊ ကွင်းဆက်အရ မင်္ဂလာတောင်ညွှန့် ပုသိမ်ညွှန့် (၂) လမ်းမှာ နေထိုင်တဲ့ သူရိန်သွေး(ခ)မာကီး (၂၂ နှစ်) ထံမှ ၁၁၉၁ ပြား ဖမ်းမိခဲ့တယ်။ အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် လမ်းသစ်လမ်းနေ ကိုဇော် (ခ) အောင်ဇော်မင်း (၂၄ နှစ်) ကျော်ဇေယျ (၂၀ နှစ်) တို့၏ မော်တော်ယာဉ်ကိုတားဆီးစစ်ဆေးရာ ယင်းတို့ထံမှ စိတ်ကြွဆေးပြား ၂၀၀၀ ပြား၊ လက်ကိုင်ဖုန်း နှစ်လုံး၊ အမှုကွင်းဆက်အဖြစ် မရမ်းကုန်း (၁) ရပ်ကွက် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉၁ ပြား၊ ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိအမျိုးသားလေးဦးကို အမှုဖွင့်အရေးယူထားပြီး အမှုကွင်းဆက် တရားခံတွေ ထပ်မံဖော်ထုတ်အရေးယူဖို့ စီစဉ်နေတယ်။ 

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားများ ပေါများနေသလောက် ဒိုင်ယာစီပင်၊ ထရာမဒေါ၊ အယ်ပရာဇိုလင် (Alprazolm) အိပ်ဆေးတွေ ရှားပါးလှပါတယ်။ ဆေးရုံတွေမှာ လုံလောက်အောင် မဖြန့်ဖြူးထားနိုင်ပါ။ ဆေးဆိုင်တွေမှာလည်း ဆရာဝန် လက်မှတ်နဲ့ဝယ်ရင် အလွယ်တကူ မရနိုင်တဲ့ ဆေးဝါးဖြစ်နေတယ်။ ဘယ်နေရာမှာသုံးလဲ၊ စိတ်ပိုင်းဆိုင်ရာ ကုသရာမှာ၊ မူးယစ်ဆေးဝါးဖြတ်ခြင်း၊ အရက်ဖြတ်ခြင်း၊ ဆေးကြောင်နေသူတွေမှာ၊ ရောဂါကြောင့် မအိပ်နိုင်သူ၊ ရောဂါကြောင့် အဆမတန် နာကျင်နေသူတွေအတွက် သုံးတဲ့ဆေးတွေ ဖြစ်နေတယ်။ အကျိုးပြုဆေးဝါးတွေ ဖြစ်နေတယ်။ 

စိတ်ကျန်းမာခြင်းဆိုရာမှာ မိမိကိုယ်ကို အထင်မသေးသလို အထင်လည်း မကြီးခြင်း၊ မိမိရဲ့ မှားကွက်၊ ဟာကွက်တွေ လက်ခံနိုင်စွမ်းရှိခြင်းတို့နဲ့ ပြည့်စုံတဲ့ စိတ်အခြေအနေမျိုးကို ဆိုလိုတယ်။ စိတ်ရောဂါနဲ့ ဆက်စပ်တဲ့ရောဂါတွေအနေနဲ့ ပြင်းထန်တဲ့ စိတ်ရောဂါများ၊ နျူရိုဆစ်ရောဂါ၊ ဉာဏ်ရည်နိမ့် ကလေးများ၊ အတက်ရောဂါ၊ အရက်စွဲရောဂါ၊ မူးယစ် ဆေးစွဲရောဂါနဲ့ အရေးပေါ် စိတ်ရောဂါတွေအပြင်၊ ကိုယ်ခန္ဓာရောဂါလက္ခဏာအဖြစ် လည်းကောင်း၊ မူးယစ်ထုံထိုင်းဖြစ်စေတတ်သော ဆေးစွဲခြင်းဖြင့် လည်းကောင်း၊ ရာဇဝတ်အနေနဲ့လည်းကောင်း၊ သေကြောင်းကြံစည်ခြင်းနှင့် လည်းကောင်း၊ လုပ်ငန်းခွင်မှာ မကြာခဏပျက်ကွက်ခြင်းနှင့်လည်းကောင်း၊ သင်ခန်းစာကို မလိုက်နိုင်လို့ ကျောင်းမှ ထွက်ခဲ့ခြင်းနှင့်လည်းကောင်း ပုံစံအမျိုးမျိုးရှိတယ်။ 

ပြင်းထန်တဲ့ စိတ်ရောဂါတွေက စိတ်ဖောက်ပြန်ရောဂါ၊ စိတ်ကျရောဂါ၊ စိတ်ကြွရောဂါတို့ပါဝင်ပြီး၊ စိတ်ဖောက်ပြန်တဲ့ ရောဂါလက္ခဏာတွေက တစ်ယောက်တည်း စကားပြောခြင်း၊ ပြုံးခြင်း၊ ရယ်ခြင်း၊ သာမန် နားမလည်နိုင်တဲ့ သံသယစိတ် လွန်ကဲခြင်း၊ မူမမှန်တဲ့ အပြုအမူရှိနေခြင်း၊ ရုတ်တရက် ကြမ်းတမ်းခြင်း၊ ဒေါသဖြစ်ခြင်း၊ တစ်ခါတစ်ရံ မလှုပ်မယှက် ကျောက်ရုပ်ကဲ့သို့နေခြင်း၊ သူများမကြားရတဲ့အသံကြားခြင်း၊ စကားပြောမမှန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းပြီး မိမိကိုယ်ကို ဂရုမစိုက်ခြင်း၊ အတွေးအခေါ်နဲ့ မှားယွင်းတဲ့ ယုံကြည်ချက်ရှိခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်ကိုင်နိုင်တော့ခြင်း၊ လူ့အသိုင်းအဝိုင်းမှ ရှောင်ကြဉ်လာခြင်းတို့ ဖြစ်တယ်။ 

စိတ်ကျရောဂါရဲ့ လက္ခဏာတွေက စိတ်ပျော်ရွှင်မှုမရှိခြင်း၊ စိတ်အားငယ်ကာ ဝမ်းနည်းနေခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းနှေးကွေးခြင်း၊ ညစဉ်ရက် ဆက်အိပ်မပျော်ခြင်း၊ နံနက်စောစောနိုးခြင်း၊ အစားအသောက် ပျက်ကာ ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း၊ သာယာမှု ဆိတ်သုဉ်းနေခြင်း၊ အရာရာစိတ်ပါဝင် စားမှုမရှိခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး အားမရှိသလို ခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်ရှိတယ် ယုံမှားခြင်း၊ ယုံကြည်မှုမရှိခြင်း၊ သေကြောင်းကြံစည်ဖို့ စိတ်ကူးများ ရှိနေခြင်းတို့ဖြစ်တယ်။ 

စိတ်ကြွရောဂါ လက္ခဏာတွေက စိတ်ရောကိုယ်ပါ အထူးတက်ကြွနေခြင်း၊ ကရားရေလွတ် အဆက်မပြတ်ပြောခြင်း၊ စိတ်နေမြင့် ဘဝင်မြင့်နေခြင်း၊ အလွန်အမင်းပျော်ရွှင်နေခြင်း၊ အသုံးအဖြုန်းများခြင်း၊ အလှအပအပြင်အဆင်များခြင်း၊ ကြမ်းတမ်းစွာပြုမူတတ်ခြင်း၊ အအိပ်နည်းခြင်း၊ အဆင်အခြင်ကင်းမဲ့ခြင်း၊ ကာမရာဂစိတ်များခြင်းတို့ဖြစ်တယ်။ ဖော်ပြပါ လက္ခဏာတစ်ခုထက်ပိုမိုတွေ့ရရင် လူနာကို စနောက်ခြင်းမပြုဘဲ ညွှန်ကြားတဲ့ ဆေးဝါးသောက်သုံးဖို့၊ ညင်သာစွာ ဆက်ဆံဖို့နဲ့ အိပ်ဆေး ဒိုင်ယာစီပင်၊ အယ်ပရာဇိုလင် (Aprazolim) တို့ တစ်ညတစ်လုံး တိုက်ကျွေးနိုင်တယ်။ 

စိုးရိမ်စိတ်ပြင်းထန်လွန်ကဲကာ ဂနာမငြိမ်ဖြစ်ခြင်းမှာ လွန်စွာလွန်ကဲခြင်း၊ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုပြင်းထန်စွာ ခံစားနေရတယ် ယူဆကာ နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်း၊ ဇောချွေးပြန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ လည်ပင်းမှာ တစ်ခုခုတစ်ဆို့နေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မကြာခင်အတွင်း အသက်ဆုံးရှုံးတော့မယ့် အနေအထား ရင်ဆိုင်နေရတယ်ထင်ကာ တုန်လှုပ်ချောက်ချား ဂနာမငြိမ် ဆောက်တည်ရာမရဖြစ်နေတတ်တဲ့ လူနာမျိုးကို လူနာငြိမ်သက်အောင် ဒိုင်ယာစီပင် ထိုးဆေးပေးရမယ်။ စိုးရိမ်စိတ် လျော့စေဖို့ ဒိုင်ယာစီပင် (စားဆေး)၊ အယ်ပရာဇိုလင် အိပ်ဆေးပေးရမယ်။ ကင်ဆာရောဂါကြောင့် မခံမရပ်နိုင်ရှိနေသူတွေ၊ ကင်ဆာနောက်ဆုံး အဆင့်လူနာတွေကို ထရာမဒေါ (Traumadol) ထိုးဆေး၊ စားဆေးတို့ လိုအပ်ပါတယ်။ ဆရာဝန်က ဒီလိုကုသရေးသုံး ဆေးဝါးတွေ ဆောင်ထားခွင့် ရှိပါတယ်။ 

ထိုင်းနယ်စပ် မြဝတီမှာပဲ ဝယ်ဝယ်၊ တမူးနယ်စပ် (အိန္ဒိယ) ကပဲ ဝယ်ဝယ်၊ တရုတ်နယ်စပ်ကပဲ ဝယ်ဝယ်၊ အလွယ်တကူဖမ်းဆီးနိုင်ပါလျက် ဆရာဝန်ဖြစ်သူတွေကိုဖမ်းမယ်ဆိုရင် တရားမျှတမှုမရှိခြင်းပဲ ဖြစ်တယ်။

ဒါကြောင့်ကန့်သတ်ထိန်းချုပ် ဆေးဝါးဥပဒေ ပြင်ဆင်ဖို့ လိုအပ်နေပြီပဲဖြစ်တယ်။ ဆရာဝန်တွေ ထောက်ခံ ရပ်တည်ပေးဖို့ လိုအပ်နေပါပြီ။  

ဒေါက်တာထူးပြည့်စုံသျှင်


  • VIA