News

POST TYPE

EXTRA

အိပ်ချ်အိုင်ဗီအတွက် နိုင်ငံတကာထောက်ပံ့မှု လျော့ကျခြင်းဂယက်
23-Nov-2018


အိပ်ချ်အိုင်ဗီ (HIV/AIDS) အတွက် နိုင်ငံတကာမှ တောင်းခံမှုလျော့နည်းလာပြီး လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ကွန်ရက်အချို့မှာ ဝန်ထမ်းအင်အားနဲ့ ဝန်ဆောင်မှု လျော့ကျပေးရကြောင်း လူနာတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကွန်ရက်အချို့မှ သိရတယ်။ “ရောဂါဖြစ်နှုန်းကျလာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုအရင်ကထက်လျော့နည်းသွားတယ်။ လုံးဝရပ်သွားတာမျိုးမဟုတ်ဘဲ အချို့အပိုင်းတွေအတွက် ရန်ပုံငွေမပေးတော့ဘူး။ ဟိုတုန်းက လူနာအတွက် ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အာဟာရပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုပေးတယ်။ အခုနောက်ပိုင်း ရန်ပုံငွေ အကန့်အသတ်အရ အချို့ ထောက်ပံ့မှုလျော့ကျတယ်။ အဓိက လိုအပ်တဲ့ ဆေးဝါး၊ ဆေးကုသမှုအပိုင်းတွေ၊ ထောက်ပံ့တာတွေများတယ်လို့ တာဝန်ရှိသူက ဆိုတယ်။ လက်ရှိ (HIV/AIDS) ၊ တီဘီ၊ ငှက်ဖျားနဲ့ ပတ်သက်တဲ့ ကူညီစောင့်ရှောက်မှုတွေကို ဂလိုဘယ်ဖန် (Global Fund) က ကူညီလျက်ရှိကြောင်း၊ ကျန်းမာရေးဌာနနဲ့အတူ ငှက်ဖျားကင်းစင်ရေး၊ တီဘီတိုက် ဖျက်ရေးရဲ့ (HIV/AIDS) ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ဦးတည်တဲ့ အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂၀၀၆-၂၀၂၀) သုံးခုကို ရေးဆွဲ လုပ်ဆောင်နေရာ ယင်းလုပ်ငန်းအတွက် (Global Fund) က ၂၀၂၀ ပြည့်နှစ်အထိ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၉၇ သန်း ပံ့ပိုးဖို့ သဘောတူထားတယ်ဆိုတယ်။ 

အိပ်ချ်အိုင်ဗီ (HIV Human Immune Deficiency Virus) ဟာ အေအိုင်ဒီအက်စ် (AIDS Aquried Immune Deficiency Syndrome) ခေါ် ခုခံမှုကျဆင်းရောဂါဖြစ်တယ်။ HIV ဟာ ရောဂါရှိသူရဲ့ သွေး၊ အမျိုးသားသုက်ရည်နဲ့ သုက်ရည်ကြည်၊ မိခင်နို့ရည်၊ မိန်းမကိုယ်မှ ထွက်ရှိတဲ့ အရည်တို့မှ ကူးစက်ခံရနိုင်ပါတယ်။ ရောဂါရှိသူနှင့် လိင်တူလိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုးရှိတဲ့ သွေးပေကျန်နေတဲ့ ဆေးထိုးအပ်၊ ချွန်ထက်တဲ့ကိရိယာမှတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ သန္ဓေသားကူးစက်ခြင်း၊ ရောဂါပိုးရှိတဲ့ သွေးနဲ့ သွေးမှတစ်ဆင့် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ ကိုယ်ခန္ဓာအတွင်း သွင်းမိခြင်းကြောင့် ရောဂါကူးစက်စေတယ်။ HIV ပိုးဟာ ခန္ဓာကိုယ်တွင်း ဝင်ရောက်ပြီးနောက် ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအားကို တဖြည်းဖြည်းဖျက်ဆီးကာ သေဆုံးတဲ့အထိ ဖြစ်စေတယ်။ 

HIV ကို ၁၉၈၁ ခုနှစ်က ကမ္ဘာမှာ စတင်တွေ့ ရှိခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၁၉၈၃ ခုနှစ်မှာ သင်္ဘော သားတစ်ဦးမှာ စတင်တွေ့ရှိခဲ့တယ်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) အဆိုအရ ၁၉၈၁-၂၀၀၅ ထိ HIV ကြောင့်သေဆုံးသူပေါင်း ၂၅ သန်းကျော်ရှိပြီး ၂၀၁၀ ပြည့်နှစ် နှစ်ကုန်မှာ တစ်ကမ္ဘာလုံး HIV/AIDS ၃၄ သန်းရှိကာ အသစ်ကူးစက်မှု ၂ ဒသမ ၇ သန်းရှိတယ်။ နှစ်စဉ် HIV/AIDS နဲ့ တခြားဆက်စပ်ရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၈ သန်းရှိတယ်။ 

ရောဂါလက္ခဏာတွေက HIV ဗိုင်းရပ်စ်ဝင်ရောက်ပြီး ၂-၄ ပတ်အတွင်း ရောဂါကူးစက်ခံရသူဟာ တုပ်ကွေးဖြစ်သလို ရောဂါလက္ခဏာခံစားရတယ်။ ရောဂါကူးစက်ပြီး သုံးလအတွင်း ဖြစ်နိုင်တယ်။ HIV ပိုးကို လူ့ကိုယ်ခံအားစနစ်က ခုခံချေဖျက်ဖို့ ကြိုးပမ်းမှုကြောင့် ဖြစ်တယ်။ မူလလက္ခဏာ (Primary HIV Infection) ခေါ်တယ်။ ယင်းအခြေအနေမှ အခြားသူတို့ထံ ရောဂါကူးစက်နိုင်တယ်။ ဖျားခြင်း၊ ချမ်းတုန် ခြင်း၊ ခန္ဓာကိုယ်အနီကွက်ဖြစ်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပြန်ရည်ကြော အကျိတ်များ ရောင်ရမ်းခြင်း၊ ပါးစပ်အတွင်းမှ မှက်ခရုအနာများ ဖြစ်ပေါ်ခြင်းတို့ဖြစ်တယ်။ 

ဘယ်သူမဆို တစ်လထက်ပိုတဲ့ အဖျား၊ တစ်လထက်ပိုတဲ့ ချောင်းဆိုးခြင်း၊ တစ်လထက်ပိုတဲ့ ဝမ်းလျှောခြင်း၊ တစ်လအတွင်း အလေးချိန် ၁၀ ပေါင် ကျဆင်းခြင်း အဓိကအချက်နဲ့ သာမန်အချက်များဖြစ်တဲ့ ပြန်ရည်ဂလင်း (Lymph Glands) ကြီးလာခြင်း ပါးစပ်မှ မှက်ခရုအနာများ ပေါက်ခြင်း၊ ခါးပတ်လည်ရေယုန်အနာများ ပေါက်ခြင်းထဲက အဓိကနှစ်ချက်နဲ့ သာမန်တစ်ချက်နဲ့ သွေးစစ်ဆေးပါက HIV (Positive) ဖြစ်ရင် HIV/AIDS လူနာ သတ်မှတ်တယ်။ 

HIV/AIDS ဗိုင်းရပ်စ် ပိုးရှိ မရှိ စစ်ဆေးစမ်းသပ်နည်းများမှာ အများဆုံး အသုံးပြုတဲ့နည်းက လူ့ခန္ဓာကိုယ်မှ HIV ပိုးကို တိုက်ဖျက်ဖို့ ထုတ်လုပ်တဲ့ ပဋိပစ္စည်းကို သွယ်ဝိုက်နည်းနဲ့စမ်းသပ်ခြင်း (ELISA WESTERN BLOT) ဖြစ်တယ်။ HIV ဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ပဋိပစ္စည်းက ခန္ဓာကိုယ်မှ ထုတ်လုပ်ဖို့ ၃-၁၂ ပတ် ကြာမြင့်နိုင်တာကြောင့် သံသယရှိသူကို ယခင်စစ်ဆေးပြီး ၁၂ ပတ်ကျော်မှ ပြန်လည်စစ်ဆေးသင့်တယ်။ ယင်းကို ဖုန်းကွယ်ကာလ (Window Period) လို့ ခေါ်တယ်။ တိုက်ရိုက်စမ်းသပ်တဲ့နည်းက “နျူကလစ်အက်စစ် စမ်းသပ်နည်း”  (Nucleic Acid Amplification Test PCR, RNA) နဲ့ စမ်းသပ်နိုင်ပါတယ်။ 

HIV/AIDS အတွက် ကာကွယ်ဆေး မပေါ်သေးဘူး။ ကုသဆေးက ခန္ဓာကိုယ်ခုခံအား မြှင့်တင်ဆေး (ART) ပုံမှန်သောက်သုံးခြင်းနဲ့ လူ့ဘဝသက်တမ်းစေ့နေနိုင်ပါတယ်။ ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေက လိင်အပျော်အပါးရှောင်ခြင်း၊ မရှောင်နိုင်ရန်အစွပ် (Condom) သုံးခြင်း၊ အိမ်ထောင်ရှိသူတွေ တစ်လင်တစ်မယားစနစ် ကျင့်သုံးကာ အိမ်ထောင်ဖက်အချင်းချင်း သစ္စာရှိခြင်း၊ မူးယစ်ဆေးဝါး အကြောထဲထိုးခြင်းကို ရှောင်ကြဉ်ခြင်း၊ မလိုအပ်ဘဲ ဆေးမထိုးဖို့၊ ဆေးထိုးပါက တစ်ခါသုံး ဆေးထိုးအပ်သုံးဖို့၊ ရောဂါရှိတဲ့ မိခင်မှ သန္ဓေသားမကူးစက်စေရေး၊ မိခင်နို့ရည် (လုံးဝ) မတိုက်ဖို့၊ HIV/AIDS သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ စစ်ဆေးဖို့တို့၊ တစ်ဦးမှ တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်းတို့မှ မကူးစက်နိုင်လို့ နှစ်သိမ့်ကူညီအားပေးကာ ဝေဒနာရှင်တွေ ပစ်ပယ်ခြင်းမပြုဘဲ ကြင်နာစွာ ပြုစုစောင့်ရှောက်ပေးသင့်ပါတယ်။ မိသားစုမှာပင် ပစ်ပယ်ထားတာတွေ့ရတယ်။ 

မြန်မာနိုင်ငံမှာ INGO စစ်တမ်းအရ တစ်နေ့မှာ လူဦးရေ ၃၀ ခန့် အိပ်ချ်အိုင်ဗီ ကူးစက်မှုရှိနေပြီး မူးယစ်ဆေးစွဲသူကြား ရောဂါကူးစက်မှုနှုန်း ၂၉ ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ HIV/AIDS ရောဂါဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေး ကပ်ရောဂါအဖြစ်မှ အဆုံးသတ်ဖို့ လုပ်ဆောင်လျက် ရှိကြောင်းနဲ့ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းအရ HIV/AIDS ကူးစက်ခံရနိုင်ခြေရှိတဲ့ အဓိက အုပ်စုဝင်တို့ရဲ့ ရာခိုင်နှုန်း ၉၀ ကို ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေး၊ (HIV/AIDS) ကူးစက်ခံထားရသူတွေအနေနဲ့ ကိုယ်တိုင် ကျန်းမာရေးစစ်ဆေးခံယူရမယ့် အသိပညာတွေတိုးမြှင့်ရရှိဖို့၊ ရောဂါသည် ၉၀ ရာခိုင်နှုန်း ဆေးကုသမှု ရရှိဖို့၊ ရောဂါပျံ့နှံ့မှုနှုန်းကို ရာနှုန်းပြည့်နီးပါး ထိန်းချုပ်နိုင်ဖို့ ဦးစားပေးဆောင်ရွက်လျက်ရှိတယ်ဆိုတယ်။ HIV/AIDS အချို့က ပုဂ္ဂလိကအဖွဲ့ (Global Fund) နဲ့သာ ပြချင်ကြပါတယ်။ ဘယ်လိုဆိုစေ HIV/AIDS ကူးစက်မှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ (Global Fund) တို့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရောဂါရှာဖွေကုသခြင်း၊ နှစ်သိမ့်ဆွေးနွေး ကျန်းမာရေးပညာပေးခြင်းတို့ လိုအပ်နေမှာပဲဖြစ်တယ်။