POST TYPE

EXTRA

ဆုတံဆိပ်ဖြင့် အလှမ်းဝေးနေဦးမည့်အိမ်ရှင် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
05-Nov-2018



မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား နေပြည်တော်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ စတင်ကျင်းပတော့မည်ဖြစ်ပါသည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပြိုင်ပွဲမှာ (19th ASEAN University Games) (၁၉) ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် အားကစားနည်း ၁၈ နည်း ထည့်သွင်းကျင်းပရန် သတ်မှတ်ထားရှိပါသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား ၁၉၈၀ ခုနှစ်မှ စတင်၍ ၂ နှစ် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပသောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံအနေနှင့် ပထမ ဦးဆုံးပြိုင်ပွဲတွင် တတိယ (၁) ကြိမ်၊ ၁၉၈၈ ခုနှစ် ပဉ္စမအကြိမ်ပြိုင်ပွဲတွင် တတိယ (၁) ကြိမ် ရရှိခဲ့ပြီးသည့်နောက်ပိုင်း အခြေအနေအကြောင်းကြောင်းအရ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဘဲ နှစ်ပေါင်း ၂၂ နှစ် ကြာ ပြိုင်ပွဲနှင့် ကင်းကွာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် (၁၅) ကြိမ်မြောက် ကျင်းပသည့်ပြိုင်ပွဲမှသာ တစ်ကျော့ပြန် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ (၁၅) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက် နေ့မှ ၂၃ ရက်နေ့အထိ အားကစားနည်း ၁၅ နည်း၊ Event ၁၈၃ မျိုး ထည့်သွင်းကျင်းပပေးခဲ့ပြီး အားကစားသမားပေါင်း ၁၀၆၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲအပြီးတွင် ထိုင်းနိုင်ငံမှ ရွှေတံဆိပ် ၅၈ ခု၊ ငွေ တံဆိပ် ၆၁ ခု၊ ကြေးတံဆိပ် ၅၀ ခု၊ စုစုပေါင်း ၁၆၉ ခုဖြင့် ပထမ၊ အင်ဒို နီးရှားနိုင်ငံမှ ရွှေတံဆိပ် ၄၆ ခု၊ ငွေတံဆိပ် ၅၁ ခု၊ ကြေးတံဆိပ် ၅၀ ခု၊ စုစုပေါင်း ၁၄၇ ခုဖြင့် ဒုတိယ၊ ဗီယက်နမ်နိုင်ငံမှ ရွှေတံဆိပ် ၃၇ ခု၊ ငွေ တံဆိပ် ၃၆ ခု၊ ကြေးတံဆိပ် ၄၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၁၇ ခုဖြင့် တတိယ အသီးသီးရရှိခဲ့ကြပြီး၊ မြန်မာနိုင်ငံအနေနှင့် ပြိုင်ပွဲတွင် ကြေးတံဆိပ် ၂ ခုသာ ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၁၀ တွင်သာ ရပ်တည်နိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယားနိုင်ငံတစ်ခုသာ ဆုတံဆိပ်ရရှိခဲ့ခြင်းမရှိဘဲ နောက်ဆုံးမှ ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။

(၁၆) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ အားကစားနည်း ၁၇ နည်း၊ Event ၂၄၀ မျိုး ထည့် သွင်းကျင်းပခဲ့ပြီး၊ အားကစားသမားပေါင်း ၁၇၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပါသည်။ ပြိုင်ပွဲအပြီးတွင် မလေးရှားနိုင်ငံမှ ရွှေတံဆိပ် ၆၀ ခု၊ ငွေ တံဆိပ် ၄၈ ခု၊ ကြေးတံဆိပ် ၇၂ ခု၊ စုစုပေါင်း ၁၈၀ ခုဖြင့် ပထမ၊ ဗီယက် နမ်နိုင်ငံမှ ရွှေတံဆိပ် ၅၆ ခု၊ ငွေတံဆိပ် ၃၅ ခု၊ ကြေးတံဆိပ် ၂၈ ခု၊ စုစုပေါင်း ၁၁၉ ခုဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံမှ ရွှေတံဆိပ် ၄၅ ခု၊ ငွေတံဆိပ် ၅၂ ခု၊ ကြေး တံဆိပ် ၅၆ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၅၃ ခုဖြင့် တတိယအသီးသီး ရရှိ ခဲ့ကြပြီး၊ မြန်မာနိုင်ငံအနေနှင့် ရွှေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်း ဆုတံဆိပ် ၃ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၈ တွင် ရပ်တည်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏နောက်တွင် ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် တီမောလက် အသင်းတို့ အသီးသီး ရပ်တည်ခဲ့ကြပါသည်။

(၁၇) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘမ်မြို့တွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နေ့မှ ၂၁ ရက်နေ့အထိ အားကစားနည်း ၁၈ နည်း၊ Event ၂၂၆ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး၊ အားကစားသမားပေါင်း ၁၀၀၀ ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲအပြီးတွင် အင်ဒိုနီးရှားနိုင်ငံမှ ရွှေတံဆိပ် ၆၆ ခု၊ ငွေတံဆိပ် ၇၈ ခု၊ ကြေးတံဆိပ် ၄၆ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၉၀ ခုဖြင့် ပထမ၊ ထိုင်းနိုင်ငံမှ ရွှေတံဆိပ် ၅၃ ခု၊ ငွေတံဆိပ် ၃၄ ခု၊ ကြေးတံဆိပ် ၂၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခုဖြင့် ဒုတိယ၊ မလေးရှားနိုင်ငံမှ ရွှေတံဆိပ် ၄၀ ခု၊ ငွေတံဆိပ် ၄၂ ခု၊ ကြေးတံဆိပ် ၄၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၃၁ ခုဖြင့် တတိယ အသီးသီးရရှိခဲ့ကြပြီး၊ မြန်မာနိုင်ငံအနေနှင့် ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၇ ခု၊ စုစုပေါင်း ၁၀ ခု ရရှိပြီး နိုင်ငံအလိုက် အဆင့် ၈ တွင် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံ၏နောက်တွင် ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် တီမောလက်အသင်းတို့ အသီးသီး ရပ်တည်ခဲ့ကြပါသည်။

အလားတူ (၁၈) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့တွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ အားကစားနည်း ၁၅မျိုး၊ Event ၁၇၃ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး၊ အားကစားသမားပေါင်း ၁၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲအပြီးတွင် ထိုင်းနိုင်ငံမှ ရွှေတံဆိပ် ၅၁ ခု၊ ငွေတံဆိပ် ၃၅ ခု၊ ကြေးတံဆိပ် ၃၂ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၁၈ ခုဖြင့် ပထမ၊ အင်ဒိုနီးရှားနိုင်ငံမှ ရွှေတံဆိပ် ၃၂ ခု၊ ငွေတံဆိပ် ၅၄ ခု၊ ကြေးတံဆိပ် ၂၈ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခုဖြင့် ဒုတိယ၊ မလေးရှားနိုင်ငံမှ ရွှေတံဆိပ် ၂၇ ခု၊ ငွေတံဆိပ် ၂၉ ခု၊ ကြေးတံဆိပ် ၃၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၉၀ခုဖြင့် တတိယ၊ ဗီယက်နမ်နိုင်ငံမှ ရွှေတံဆိပ် ၂၆ ခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေး တံဆိပ် ၁၃ ခု၊ စုစုပေါင်း ၄၉ ခုဖြင့် စတုတ္ထနေရာအသီးသီး ရပ်တည်ခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေနှင့် ငွေတံဆိပ် ၁ ခုသာ ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၁၀ နေရာတွင် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံ၏နောက်တွင် ဘရူနိုင်းနိုင်ငံ တစ်နိုင်ငံသာ ကျန်ရှိခဲ့ပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲနှင့် ၂၂ နှစ်ကြာ ကင်းကွာခဲ့ရသော မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် (၁၅)၊ (၁၆)၊ (၁၇)၊ (၁၈) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများ၏ ဆုတံဆိပ်ရရှိမှု အနေအထားများကို ကြည့်ခြင်းအားဖြင့် အာဆီယံဒေသတွင်း ပြိုင်ဘက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ တက္ကသိုလ်များ၏ အားကစားအဆင့်အတန်းမှာ ဆိုးဆိုးရွားရွား ကျဆင်းနေသည်မှာ သိသာ၊ မြင်သာရှိလှသဖြင့် တက္ကသိုလ်များ၏ အားကစားအဆင့်အတန်း ပြန်လည်မြင့်မားတိုးတက်စေရေးအတွက်လည်း ပညာရေးဌာနမှ တာဝန်ရှိသူများအနေနှင့် ထိရောက်သည့် သုံးသပ်မှုများ ပြုလုပ်ပြီး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း အကြံပြုလိုပါသည်။

မြန်မာနိုင်ငံတက္ကသိုလ်များ၏ အားကစားအဆင့်အတန်း ကျဆင်းရခြင်း၏ အကြောင်းတရားကို သုံးသပ်မည်ဆိုပါက မြန်မာ့ပညာရေးလောက အခြေခံပညာကျောင်းများ၏ အားကစားလှုပ်ရှား ဆောင်ရွက်မှုအခြေအနေများကို ချန်လှပ်ထား၍မရနိုင်ဟု ယူဆပါသည်။ အရှိကို အရှိတိုင်း အမြင်ကို အမြင်အတိုင်း ပြောရမည်ဆိုလျှင် အခြေခံပညာကျောင်း များတွင် ကျောင်းသား၊ ကျောင်းသူများ PT ချိန်ဟု ခေါ်ဆိုသည့် အားကစားလေ့ကျင့်ချိန်တွင် အားကစားလေ့ကျင့်ခွင့် မရကြသည်မှာ နှစ်ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပညာရေးဌာနမှ ဆရာ၊ ဆရာမများမှ အားကစား လေ့ကျင့်ချိန် သတ်မှတ်ပေးထားသည်ဟုသာ ပြောကြားကြသော်လည်း အားကစားလေ့ကျင့်ချိန်များကို စာသင်ချိန်များအဖြစ် ပြောင်းလဲဆောင် ရွက်နေကြသည်ကို ကြားသိမြင်တွေ့နေရပါသည်။ အားကစားနည်း အလိုက် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ဆိုသည်မှာလည်း အိပ်မက် ပမာ ကြားဖူးပါသည်ဟုသာ ပြောရမလို ဖြစ်နေပါပြီ။ ကျောင်းသားများ အားကစားလှုပ်ရှားဆောင်ရွက်ခွင့် ဆုံးရှုံးနေကြသည်ကို မည်သူနှင့်မျှ မဆိုင်သလို မနေသင့်တော့ဟုလည်း ရှုမြင်မိပါသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် အားကစားအဆင့် ထိပ်တန်းက ရပ်တည်နေသည့် ထိုင်းနိုင်ငံ၊ အားကစားဝန်ကြီးမှ ထိုင်းနိုင်ငံအနေနှင့် အာရှအဆင့်ကို ထိထိရောက်ရောက် မထိုးဖောက်နိုင်သေးသည်မှာ အခြေခံကျောင်းများတွင် လိုအပ်နေသည့် ကာယဆရာ၊ ဆရာမ သုံးသိန်းအား ပြည့်ပြည့်ဝ၀ ခန့်ထားပေးနိုင်ခြင်းမရှိဘဲ အင်အားတစ်သိန်းငါးသောင်း ခန့်သာ အစိုးရမှ ခန့်ထားပေးခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ကြားသိခဲ့ရပါသည်။ မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်း တော်တော် များများတွင် ကာယဆရာ၊ ဆရာမ လွန်စွာနည်းပါးခြင်း၊ ကာယဆရာ၊ ဆရာမ ရှိသည့်ကျောင်းများတွင်လည်း အားကစားလှုပ်ရှားမှုများအား ဆောင်ရွက်ခွင့်မရခြင်း၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ အားကစားကွင်း၊ အားကစားရုံများ ပြည့်စုံစွာ မရှိခြင်းများနှင့် ကျန်ဆရာ၊ ဆရာမများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းများကြောင့် ကာယဆရာ၊ ဆရာမ အများစုမှာ သင်ကြားရေးလိုင်းဘက်သို့ ပြန်လည် ပြောင်းရွှေ့ကြကြောင်းလည်း သိရှိရသည်။ အခြေခံပညာကျောင်းများ တွင် ကျောင်းသား၊ ကျောင်းသူများ အားကစားလှုပ်ရှားဆောင်ရွက်ခွင့် မရရှိပါက ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်လာစေရန် မည်သို့ ပြုစုပျိုးထောင် ကြပါမည်နည်း။ “ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်သည့်သူများကိုသာ နိုင်ငံ့သားကောင်း” ဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း မှတ်သားဖူးပါသည်။ ဤသို့ဆိုလျှင် နိုင်ငံအတွက် နိုင်ငံ့သားကောင်းများကို ပညာရေးဌာနအနေနှင့် မည်သို့ ပြုစုပျိုးထောင်ကြပါမည်နည်းဟုလည်း တွေးတောဆင်ခြင်မိပါသည်။

ဂျပန်နိုင်ငံတွင် ကျင်းပသည့် Asian Junior Sports Exchange Games ပြိုင်ပွဲသို့ သွားရောက်ခဲ့စဉ်က တိုကျိုမြို့ရှိ ချီတိုဆဲ အလယ်တန်းကျောင်းသို့ သက်ဆိုင်ရာနိုင်ငံ၏ စီစဉ်ပေးမှုဖြင့် လေ့လာခွင့်ရခဲ့ပါသည်။ ချီတိုဆဲ အလယ်တန်းကျောင်းသို့ ရောက်ရှိစဉ် နွေရာသီကျောင်းပိတ်ရက်နှင့် တိုက်ဆိုင်နေသော်လည်း ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ကျောင်းအတွင်း လေ့လာရန် နေရာ ၄ နေရာ သတ်မှတ်ထားပြီး သက်ဆိုင်ရာနေရာများသို့ အတန်းလိုက်ကျောင်းသားခေါင်းဆောင်များမှ ဦးဆောင်၍ ခေါ်ယူသွားခဲ့ပါသည်။ လေ့လာရေးအဖွဲ့ဝင်များ အချိန်တိုအတွင်း လေ့လာနိုင်ရန်လည်း လေ့လာရေးအဖွဲ့များအားအဖွဲ့ ၄ ဖွဲ့ ခွဲစေပြီး သတ်မှတ်နေရာများသို့ လေ့လာစေခဲ့ပါသည်။ ပထမဦးဆုံး လေ့လာခွင့်ရသည့်နေရာမှာ ကျောင်းသား၊ ကျောင်းသူများမှ အနောက်တိုင်းတီးဝိုင်းဖြင့် သီချင်း ၄ ပုဒ်အား သီဆိုဖျော်ဖြေခဲ့ကြခြင်းဖြစ်ပါသည်။ သီချင်းတစ်ပုဒ်ပြီးတိုင်း ကျောင်းသား၊ ကျောင်းသူများက တူရိယာပစ္စည်းများအား တစ်မျိုးစီချိန်းပြောင်းကိုင်တွယ်ပြီး သီဆိုတီးမှုတ် ဖျော်ဖြေခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများ၏ တူရိယာပစ္စည်းများအား ကျွမ်းကျင်စွာ ကိုင်တွယ်တီးမှုတ်နေကြသည်ကို ကြည့်ရှုရင်းကြည်နူးကျေနပ်ခဲ့ရသည်။

အလားတူ အခြားဂျပန်ရိုးရာ စက္ကူခေါက်နည်းများ၊ ဂျပန်ရိုးရာ အားကစားနည်းများနှင့် ဂျပန်ရိုးရာ ဝါးရွက်လက်ဖက်ရည်ကြမ်းဝိုင်း တည်ခင်းဧည့်ခံပုံတို့ကို လေ့လာခွင့်ရခဲ့သည်။ ကျောင်းပိတ်ရက်ပင် ဖြစ်လင့်ကစား ကျောင်းအားကစားကွင်းတွင် ကျောင်းသားများ လာရောက်လေ့ကျင့်ကစားနေကြသည်ကို တွေ့ရှိရသဖြင့် မေးမြန်းကြည့်ရာ ကျောင်းပိတ်ရက်ဖြစ်၍ အားလပ်ချိန်တွင် လာရောက်စုပေါင်းကစားကြခြင်းဖြစ်ကြောင်း သိရှိရပြီး၊ ကျောင်းဖွင့်ရက်များတွင်လည်း အတန်းလိုက် သတ်မှတ်ချိန်များအတိုင်း လွတ်လပ်ပျော်ရွှင်စွာ ကစားခွင့်ပြုထားကြောင်း သိခဲ့ရသည်။ မြန်မာနိုင်ငံမှ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဟိုးယခင်ကကဲ့သို့ စိတ်နှလုံးနူးညံ့စေမည့် ဂီတအနုပညာကိုလည်း လေ့လာသင်ယူခွင့်မရ၊ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာများဖြစ်သည့် ရိုးရာအားကစားနည်းများကိုလည်း သင်ယူခွင့်မရ၊ ကိုယ်ကာယ ကျန်းမာ ကြံ့ခိုင်စေရေးအပါအဝင် ဗလငါးတန်နှင့် ပြည့်စုံစေမည့် ကိုယ်လက်လှုပ် ရှားအားကစားကိုလည်း ပြုလုပ်ခွင့်လည်းမရ၊ အခြားတစ်ဖက်ကို ကြည့်ပြန်တော့လည်း ကျောင်းသားတစ်ဦးချင်းစီ၏ စည်းကမ်းလိုက်နာမှု၊ ဆရာ၊ ဆရာမများအပေါ် ကျိုးနွံရိုသေစွာ ပြောဆိုဆက်ဆံမှု၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပြောဆိုဆက်ဆံမှု၊ အတန်းခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် အားလုံး တက်ညီလက်ညီလိုက်ပါ ဆောင်ရွက်ကြပုံများကိုကြည့်ရင်း ငယ်စဉ်ကျောင်းသားဘဝကို ပြန်လည် တမ်းတမိပြီး စိတ်မကောင်းခြင်းများစွာ ဖြစ်မိပါသည်။ သည်လိုအခြေအနေမျိုးပြန်ရောက်အောင် ဘယ်လိုတွေ ပြုပြင်ဆောင်ရွက်ကြမလဲဆိုသည့် မေးခွန်းကို မိမိကိုယ်မိမိ ပြန်မေးမိပြီး သက်ပြင်းအကြိမ်ကြိမ်ချမိသည်။

မြန်မာနိုင်ငံတွင် တရားဝင်ဖွင့်ခွင့်ရရှိသော ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် International School များတွင်ပင်လျှင် PE ချိန် ထည့်သွင်း၍ ကျောင်းသား၊ ကျောင်းသူများ ကိုယ်လက်လှုပ်ရှား အားကစားချိန် ထည့်သွင်းပေးထားခြင်း၊ ကျောင်းတွင်း Colour House ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ PE ဘာသာရပ်အား ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသတ်မှတ်ထားခြင်းများရှိသော်လည်း ပညာရေးဝန်ကြီးဌာနအနေနှင့် ထိထိရောက်ရောက် တွန်းအားပေးဆောင်ရွက်ခြင်း မရှိသည့်အပေါ်လည်း အားမလိုအားမရ ဖြစ်မိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း National Sports Seminar ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ Seminar တွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်များမှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်မှ သက်ဆိုင်ရာ ကော်မတီဝင်များ၊ ဝန်ကြီးဌာနများမှ အားကစားကော်မတီဝင်များ၊ အားကစားကျွမ်းကျင်သူများ၊ အားကစားဌာနမှ မြို့နယ်အားကစားမှူးနှင့် အထက်တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့် မီဒီယာလောကသားများ အပါအဝင် အလွှာပေါင်းစုံမှ စုံညီစွာ တက်ရောက်ခဲ့ကြပြီး တတ်သိပညာရှင်များနှင့် အားကစားရေးရာ သိမြင်နှံ့စပ်မှုများမှ သက်ဆိုင်ရာစာတမ်းများအား ဖတ်ကြားဆွေးနွေးတင်ပြခဲ့ကြသည်။ ဆွေးနွေးချက်များမှ ပေါ်ထွက်လာသည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အချက်ပေါင်းများစွာရှိသည့်အနက် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့်၊ ဆောင်ရွက်သင့်သည့် Outcome များ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့အား မှတ်မိသလောက် တင်ပြရလျှင် အခြေခံပညာကျောင်းများ၌ လက်ရှိသတ်မှတ်ပေးထားသည့် ကာယအချိန်များတွင် ကိုယ်လက်လှုပ်ရှား ကစားခွင့်ပေးရန်၊ ကာယပညာကို ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်နိုင်ရေးဆောင်ရွက်ရန်၊ လစ်လပ်နေသည့် ကာယဆရာ၊ ဆရာမများနေရာတွင် အရည်အချင်းပြည့်မီသည့် ကာယဆရာ၊ ဆရာမများ ဖြည့်ဆည်း ခန့်ထားပေးရန်၊ ကာယနည်းပြသင်တန်းများနှင့် ကာယနည်းပြ မွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်၊ အားကစားလုပ်ဆောင်ခြင်းဖြင့် ပညာရေးကို ထိခိုက်သည်ဟူသော အတွေးအား မိဘနှင့် ဆရာ၊ ဆရာမများအကြား မရှိစေရေး ပညာပေးဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် မြေနေရာ ရရှိမှုအပေါ်မူတည်၍ အားကစားကွင်း၊ အားကစားရုံများ ဖော်ထုတ်တည် ဆောက်ပေးခြင်း၊ လက်ရှိအားကစားကွင်း၊ အားကစားရုံများအား အဆင့် မြှင့်တင် ပြုပြင်ပေးခြင်းများဆောင်ရွက်ရန်၊ ကျောင်းတွင်းအားကစားပြိုင် ပွဲများမှသည် မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲနှင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများမှသည် ကျောင်း သားအားကစားပွဲတော်များထိ အဆင့်ဆင့် ကျင်းပပြုလုပ်ပေးရန်၊ ကျောင်းသားအားကစားပွဲတော်မှ အလားအလာရှိသူများအား ရွေးချယ်လေ့ကျင့်၍ ASEAN School Games ပြိုင်ပွဲတွင် အဆင့်မြင့်မြင့် ပါဝင် ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ရန်၊ တက္ကသိုလ်၊ ကောလိပ်များတွင်လည်း ဘာသာရပ်အလိုက် အားကစားပြိုင်ပွဲများ၊ အဆောင်လိုက် အားကစား ပြိုင်ပွဲများမှသည် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ အထိ အဆင့်ဆင့်ကျင်းပ၍ အလားအလာရှိသူများအား စုစည်းရွေးချယ်ပြီး ASEAN University Games ပြိုင်ပွဲများတွင် အဆင့်မီမီပါဝင် ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ရန်နှင့် အားကစားထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ချီးမြှင့်ဂုဏ်ပြုခြင်းများ ဆောင်ရွက်ပေးရန် စသည့်အချက်များ ပါရှိပါသည်။

National Sports Seminar မှ ထွက်ပေါ်လာသည့် Outcome များအား ပညာရေးဌာနမှ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါလျှင် နောင်လာမည့် ASEAN School Games နှင့် ASEAN University Games များတွင် မြန်မာနိုင်ငံအနေနှင့် အဆင့် မီမီဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ပညာရေးဌာနမှ တာဝန်ရှိသူများအနေနှင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း တိုက်တွန်းတင်ပြလိုပါသည်။ မည်သို့ပင်ဆိုစေကာမူ မကြာမီ အိမ်ရှင်အဖြစ် ကျင်းပတော့မည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကြီးတွင် အိမ်ရှင်မြန်မာအနေနှင့် ချစ်ကြည်ရင်းနှီးမှုရရှိရေးကိုသာ ဦးတည်ဆောင်ရွက်သွားရတော့မည်ဖြစ်ပြီး အောင်မြင်မှုဆုတံဆိပ်များ ရရှိရေးမှာ အလှမ်းဝေးနေဦးမည်ဟု ထင်မြင်ယူဆမိပါကြောင်း။

ကိုဌေး (ကနောင်)