News

POST TYPE

EXTRA

အညာဘုရားပွဲ
05-Nov-2018



ဖုန်ထူသည့်မြို့၊ နာမည်ကြီးဘုရားတွေပေါသည့် မြို့၊ သနပ်ခါးကြိုက်သည့်မြို့ဟု ချစ်ဖို့ကောင်းသည့် အခေါ်အဝေါ်များရှိသည့် စစ်ကိုင်းတိုင်း၏ မြို့တော်မုံရွာတွင် အညာဘုရားပွဲတော်ကား စတင်လျက်ရှိနေပြီဖြစ်သည်။

ယင်းကဲ့သို့ နာမည်အခေါ်အဝေါ်များပြားလှသည့် မုံရွာမြို့တွင် တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသည့် သမိုင်းဝင်ဆုတောင်းပြည့် မြတ်စွာဘုရားကြီး၏ သီတင်းကျွတ်ပွဲတော်သည် စည်ကားလှပြီး ဒေသခံများအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလည်းလာရောက်လေ့ရှိကြသည်။

အညာဒေသဘုရားပွဲတစ်ခုဖြစ်သည့် မုံရွာဘုရားကြီးပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်လည်း သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့မှစတင်ကာ လကွယ်နေ့ (အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့) အထိ ကျင်းပလျက်ရှိသည်။

ယင်းပွဲတော်ကို ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ မကွေး စသည့် အနယ်နယ်အရပ်ရပ်မှ ၁၂ ပွဲဈေးသည်တို့က လာရောက်ကာ ဆိုင်ခန်းများခင်းကျင်း၍ မြန်မာပြည်အနှံ့မှ လူသုံးကုန်ပစ္စည်းများကို ဖလှယ်ရောင်းဝယ်ကြသည်။



ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များ၊ ခြင်ထောင်၊ စောင်၊ မွေ့ရာ၊ ဖျာ၊ အဝတ်အစား၊ သနပ်ခါး၊ အိုး၊ ခွက်၊ ပန်းကန်နှင့် ယွန်းထည်ပစ္စည်းမျိုးစုံ စသည်တို့ကို ရောင်းချသည့်ဈေးဆိုင်များနှင့် စားသောက်ဆိုင်များက အများအပြားရှိနေပြီး ပွဲတော်သို့ လာရောက်လည်ပတ်သူများကလည်း ကြက်ပျံမကျစည်ကားလှသည်။ 

ယင်းသို့ ဘုရားဖူးအများအပြား လာရောက်ကြသည့် ပွဲတော်တစ်ခုဖြစ်သည့်အတွက် ပွဲတော်အတွင်း မှုခင်းဖြစ်ပွားမှုမရှိစေရေးအတွက် အင်အား ၁၂၀ ဖြင့် ယခုနှစ်တွင် ရဲတပ်ဖွဲ့ဝင်က လုံခြုံရေးယူပေးထားသည်။ 

မုံရွာနယ်သာမက ချင်းတွင်းမြစ် အနောက်ဘက်၊ အထက်အောက်နယ်တို့မှလည်း ဒေသခံများ ဘုရားဖူးလာကြသည်။ ပင်လယ်ဓားပြလှေများ၊ ချားရဟတ်များစီးကာ ပျော်ပျော်ရွှင်ရွှင် ပွဲဈေးတန်းလျှောက်ကြသည်။ 

သီတင်းကျွတ်လပြည့်ကျော်မှ လကွယ်တိုင်အောင် ရက်ရှည်ကျင်းပသည့်ပွဲတော်ဖြစ်၍ ဖျာ၊ တောင်း၊ ဆန်ကော၊ ချည်ထည်၊ ယွန်းထည်၊ အညာကရေကရာ၊ ဒေသမုန့်မျိုးစုံ အပါအဝင် ဝတ်စရာ လက်ပံတောင်းတုံချည်ထည်၊ အရာတော် ဝါးတောမချည်ထည်တို့ ဝယ်ရောင်းကြရာမှ စတင်ခဲ့သော်လည်း ယခုအချိန်တွင် ခေတ်ကာလလူငယ်အကြိုက် အဝတ်အထည်ဆန်းများ၊ တရုတ်စောင်၊ တရုတ်ကစားစရာပစ္စည်းများနှင့် ပလတ်စတစ်ပစ္စည်းတို့က အစားထိုးခဲ့ပြီဖြစ်သည်။ 

ပွဲတော်ကာလအတွင်း ဈေးရောင်းချရန် နာရီစင်အနီး ဆိုင်ခန်းနှစ်ခန်းကို ငွေကျပ်သုံးသိန်းဖြင့် ငှားရမ်းကာ လဲမှို့၊ လက်ပံမှို့အစား စီလီကွန်မှို့များသွင်းထားသည့် ဖက်လုံးခေါင်းအုံးများကို လာရောက်ရောင်းချခြင်းဖြစ်ပြီး ရိုးရာသုံးလဲမှို့ထက် ဈေးချိုသဖြင့် ပိုရောင်းကောင်းကြောင်း ပဲခူးမြို့မှ မွေ့ရာနှင့် ခေါင်းအုံးများ လာရောက်ရောင်းချသည့် ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ 

ဘုရားပွဲတော်ကာလအတွင်း ရင်ပြင်တော်ပေါ် ဆိုင်ခန်း၊ ဘုရားကြီးလမ်း၊ ဈေးလမ်းတို့တွင် ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိပြီး စည်ကားလှကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“ဆုတောင်းပြည့် သီတင်းကျွတ်ဆွမ်းလောင်းတဲ့ ဘုရားပွဲကျင်းပတာ နှစ်ပေါင်းရာကျော်နေပြီ။ အရင်ခေတ်ကတော့ ဘုရားထဲမှာတင် ဆိုင်ခန်းတွေစခဲ့ရာက အခုမြောက်ဘုရားလမ်းဈေးလမ်းထိအောင် စည်ကားနေပြီ” ဟု မုံရွာဆုတောင်းပြည့်ဘုရားကြီး ဂေါပကအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ဟိုးယခင်က ဘုရားကြီးပွဲဈေးနောက်ဆုံးရက်တွင် နယ်လှည့်ဈေးသည်များ ကိုယ်တိုင်ဦးစီး၍ မသိုးသင်္ကန်းရက်လုပ်ကာ ရုပ်ပွားတော်မြတ်ကြီးကို ကပ်လှူခဲ့ကြသော်လည်း ၂၀၁၇ ခုနှစ်မှစ၍ ယင်းသို့လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ အညာဘုရားပွဲတော်ကို အဆုံးသတ်ကြသည်။

မြန်မာပြည်အနှံ့မှ လာရောက်ကြသည့် ၁၂ ပွဲဈေးသည်များမှာလည်း ယခုပွဲတော်ပြီးပါက နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) အထိ တစ်ပြိုင်နက်တည်းကျင်းပလေ့ရှိသည့် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှ နာမည်ကျော် ဖိုလ်ဝင်တောင်ဘုရားပွဲ၊ မိုးညှင်းသမ္ဗုဒ္ဓေဘုရားပွဲနှင့် စစ်ကိုင်းကောင်း မှုတော်ဘုရားပွဲတော်တို့အပြင် မုံရွာမြို့နှင့် မိုင် ၇၀ ကျော်ဝေးကွာသည့် လမ်းဆုံပွဲ (တန့်ဆည်မြို့ဘုရားပွဲ) ဆက်၍ကူးကြမည်ဖြစ်သည်။

ခင်မေစန်း