News

POST TYPE

EXTRA

ကြားဖြတ်ရွေးကောက်ပွဲ အာဏာရပါတီ ၇ နေရာ နိုင်၊ ၆ နေရာ ရှုံး
05-Nov-2018



ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ် ၁၃ နယ်တွင် အာဏာရပါတီ NLD အနေနှင့် ၁၃ နေရာလုံး ဝင်ပြိုင်သော်လည်း ၇ နေရာသာနိုင်ခဲ့ပြီး ၆ နေရာအထိ ရှုံးခဲ့သည်။

လွန်ခဲ့သော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၅ နယ်တွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည့် NLD ပါတီမှာ အာဏာရပါတီအဖြစ် ရွေးချယ်ခံရပြီးချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်တိုင်ပြုလုပ်၍ လူထုထောက်ခံမှုအခြေအနေကို အကဲစမ်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ၁၀ နေရာဝင်ပြိုင်သည့်အနက် ၃ နေရာအနိုင်ရသည်။ ကြားဖြတ်မဲဆန္ဒနယ် ၁၃ နေရာလုံးတွင် ပျမ်းမျှအားဖြင့် မဲပေးသူမှာ ထက်ဝက်အောက်လျော့နည်းသည်ကို တိုင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ စာရင်းအရသိရသည်။

ကန်ပက်လက်

ပြည်သူ့လွှတ်တော် ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ်တွင် ပါတီလေးခုမှ အမတ်လောင်းလေးဦး ဝင်ပြိုင်သည်။ NLD ပါတီမှ ဦးညွှန့်ဝင်းက ကျန်ပြိုင်ဘက်များကို မဲခြောက်ရာခန့်အကွာဖြင့် အနိုင်ရသည်။ 

မြင်းခြံ

ပြည်သူ့လွှတ်တော် မြင်းခြံမြို့နယ်မဲဆန္ဒနယ်တွင် ပါတီလေးခုမှ အမတ်လောင်း ၄ ဦးဝင်ပြိုင်သည့်အနက် NLD ပါတီမှ ဦးစိန်မြင့်က ကျန်ပြိုင်ဘက်များကို မဲသောင်းချီ အပြတ်အသတ်ဖြင့်အနိုင်ရသည်။

ဦးစိန်မြင့်က ၆၇,၆၅၉ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာသန်းဝင်းက ၁၇,၀၂၅ မဲ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးဖြိုးဟန်က ၃၄၂၅ မဲ၊ ပြည်သူ့ အလုပ်သမားပါတီမှ ဦးရဲကျော်အောင်က ၁၁၂၉ မဲ ရသည်။

မြင်းခြံမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၂၁,၈၆၅ ဦး ရှိသည့်အနက် မဲလာပေးသူ ၉၁,၁၃၀ ဦးသာရှိသည်။

တာမွေ

ပြည်သူ့လွှတ်တော် တာမွေမြို့နယ်မဲဆန္ဒနယ်တွင် ပါတီ ၈ ပါတီမှ အမတ်လောင်း ၈ ဦး ဝင်ပြိုင်သည့်အနက် NLD ပါတီမှ ဦးတိုးဝင်းက မဲအရေအတွက် ၂၇,၈၀၀ ကျော်ဖြင့် အနိုင်ရသည်။

ယခင်တာမွေမြို့နယ် ပြည်သူ့လွှတ်တော်အမတ်မှာ ဦးဝင်းမြင့်ဖြစ်ပြီး သမ္မတတာဝန်ထမ်းဆောင်သွားသောကြောင့် ထိုနေရာလစ်လပ်သွားခြင်း ဖြစ်သည်။

တာမွေတွင် သမ္မတကိုယ်တိုင်မဲလာပေးသည့် ကျားကွက်သစ်ရပ် အမှတ် ၃ မဲရုံတွင်သာ လူစိတ်ဝင်စားမှုများပြီး အခြားမဲရုံများတွင် မဲလာပေးသူနည်းသည်။ 

အချို့မဲဆန္ဒရှင်များအနေနှင့် ကြားဖြတ်ရွေးကောက်ပွဲရှိသည်ကိုပင် မသိရှိဘဲ ကျင်းပသည့်နေ့မှ သိရှိသူရှိသည်ကို တွေ့ရှိရသည်။

လဲချား

ပြည်သူ့လွှတ်တော် လဲချားမြို့နယ်မဲဆန္ဒနယ်တွင် ရှမ်းနှစ်ပါတီနှင့် NLD အမတ်လောင်းဝင်ပြိုင်သည့်အနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းဥက္ကာက အနိုင်ရသည်။

စိုင်းဥက္ကာက ၈၅၅၀ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ စိုင်းရွှေဆိုင်းက ၁၆၁၃ မဲ၊ NLD ပါတီမှ စိုင်းအောင်ထွန်းလေးက ၁၀၁၃ မဲရသည်။ မဲပေးခွင့်ရှိသူ၏ ၃၀ ရာခိုင်နှုန်းသာ မဲပေးကြသည်။

ကချင်

အမျိုးသားလွှတ်တော် ကချင်ပြည်နယ် အမှတ် (၂) မဲဆန္ဒနယ်တွင်လည်း မဲပေးခွင့်ရှိသူ ၂၀၃,၆၁၉ ဦးအနက် မဲလာပေးသူ ခုနစ်သောင်းကျော်သာရှိ၍ ၃၄ ရာခိုင်နှုန်းကျော်သာ မဲလာပေးသည်။ ပယ်မဲ ၁၄၀၀ ကျော်ရှိသည်။ 

၆ ဦးဝင်ပြိုင်သည့်အနက် ကြံ့ခိုင်ရေးပါတီမှ ဦးဆီဟူးဒွေ့က မဲ ၂၃,၀၀၀ ကျော်ဖြင့် အနိုင်ရသည်။

NLD အမတ်လောင်း ဒေါ်ယမ်ခေါန်က ၁၉,၀၀၀ ခန့်ရ၊ ကချင်ဒီမိုကရက်တစ်ပါတီ ဦးကွမ်ဂေါင်အောင် ခမ်းက ၁၉,၀၀၀ ကျော်၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီမှ ဒေါ်အမ်ဒီခေါညွယ်က ၉၅၀ မဲ၊ ရှမ်းနီနှင့်မြောက်ပိုင်းမျိုးနွယ်စုများပါတီ ဒေါ်ခင်အုန်းက ၃၅၀၀ ကျော်နှင့် တစ်သီးပုဂ္ဂလ ဒေါက်တာသန်းထိုက်ဦးက ၁၅၀၀ ကျော် မဲရသည်။

မတူပီ

ချင်းပြည်နယ်လွှတ်တော် မတူပီမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်တွင် NLD ပါတီနှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှစ်ခု ယှဉ်ပြိုင်သည်။ 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအောင်လျန်က မဲခုနစ်ထောင်ကျော်အကွာဖြင့် ပြိုင်ဘက် NLD ပါတီမှဦးအောင်ထန်းကို နိုင်သည်။

မတူပီမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ ၁၇,၃၆၂ ဦးအနက် မဲပေးသူ ၁၁,၃၉၄ ဦးသာရှိ၍ ၆၅ ရာခိုင်နှုန်းသာ မဲလာပေးသည်။

တမူး

စစ်ကိုင်းတိုင်းလွှတ်တော် တမူးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင်လည်း မဲပေးခွင့်ရှိသူ ၃၅,၀၀၀ ကျော်အနက် နှစ်သောင်းကျော်သာမဲလာပေးပြီး ၁၅,၀၀၀ ကျော် မဲမပေးပေ။ တမူးတွင် ကြံ့ခိုင်ရေးပါတီမှ ဦးရိုထန်းပွီးယာက အနိုင်ရသည်။ 

NLD ပါတီမှ ဦးအောင်ရွှေက ဒုတိယမဲအများ ဆုံးရသည်။ ကြံ့ခိုင်ရေးနှင့် NLD မဲထောင်ဂဏန်းကွာသည်။ 

တမူး ၂ တွင် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုး တိုး တက်ရေးပါတီမှ ဦးဇမ်းကဲမ်မန်၊ ကြံ့ခိုင်ရေးပါတီမှ ဦးရိုထန်းပွီးယာ၊ NLD ပါတီမှ ဦးအောင်ရွှေနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအွန်ခိုထန်တို့ ဝင်ပြိုင်ခဲ့ကြသည်။

အုတ်တွင်း

ပဲခူးတိုင်းလွှတ်တော် အုတ်တွင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးကျော်ဇေယျက ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီထက် မဲ ၄၇၀၀ ကျော်အသာဖြင့် အနိုင်ရသည်။ 

အုတ်တွင်းနယ်မြေတွင်လည်း မဲပေးခွင့်ရှိသူ ၅၉,၀၀၀ ကျော်အနက် ၃ သောင်းကျော်သာ မဲလာပေးသည်။

NLD ပါတီမှကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျက ၁၃,၀၁၀ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးဝင်းမြင့်က ၇၈၈၆ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးသန်းဝင်း ၄၃၄၄ မဲနှင့် ကျန်ပါတီ ၅ ခုမှ ခိုင်လုံမဲအရေအတွက် ၁၀၀၀ မကျော်သည်ကို အုတ်တွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

မင်းဘူး

မကွေးတိုင်းဒေသကြီးလွှတ်တော် မင်းဘူးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၆၈,၄၁၄ ဦးအနက် ၃၇,၇၃၁ ဦးသာ မဲပေးကြသည်။ မဲပေးခွင့်ရှိသူများ၏ ၅၅ ဒသမ ၁၅ ရာခိုင်နှုန်းကသာ မဲလာပေးသည်။ 

မင်းဘူးတွင် ၅ ဦးဝင်ပြိုင်သည့်အနက် NLD အမတ်လောင်း ဦးကျော်ငွေက ကြံ့ခိုင်ရေးပါတီနှင့် ကျန်ပါတီအမတ်လောင်းများကို မဲအပြတ်အသတ်ဖြင့်နိုင်သည်။

ဦးကျော်ငွေက ၂၁,၂၄၄ မဲ၊ ကြံ့ခိုင်ရေးအမတ် ဦးစိန်ရွှေမင်းက ၁၁,၀၈၃ မဲ၊ တစ်သီးပုဂ္ဂလ ဦးသိန်းထက်ဝေက ၃၈၇၈ မဲ၊ ဦးသောင်းစိုးက ၇၁၆ မဲ၊ ဦးအောင်ဌေးက ၂၀၉ မဲ ရသည်။

သပိတ်ကျင်း

မန္တလေးတိုင်းလွှတ်တော် သပိတ်ကျင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးစိုးလွင်က ၁၂,၅၀၂ မဲရပြီး အနိုင်ရသည်။ 

ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီမှ ဦးမြင့်စိုးက ၅၂၂၈ မဲ၊ NDF ပါတီမှ ဦးဇော်မင်းထွန်းရှိန်က ၃၀၄ မဲ၊ တစညပါတီမှ ဦးညီညီက ၁၉၇၁ မဲရသည်။

ထို့ပြင် ပြည်ထောင်စုလယ်သမား၊ အလုပ်သမား၊ အင်အားစုပါတီမှ ဦးမင်းသူက ၁၇၂ မဲ၊ အမျိုး သားညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးမြင့်နိုင်က ၄၆ မဲ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးအောင်ကြည်မြိုင်က ၃၂၀ မဲရသည်။

မဲပေးခွင့်ရှိသူ ၄၉,၆၂၂ ဦးရှိသည့်အနက် မဲပေးသူဦးရေ ၂၁,၁၈၉ ဦးသာမဲလာပေးသည်။ မဲပေးသူ ၄၂ ဒသမ ၇၀ ရာခိုင်နှုန်းသာရှိသည်။

ရသေ့တောင်

ရခိုင်ပြည်နယ်လွှတ်တော် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလဝင်ပြိုင်သည့် ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်းက ပြိုင်ဘက်ပါတီဝင် ကိုယ်စားလှယ်လောင်းများကို မဲနှစ်သောင်းကျော်အကွာဖြင့် အနိုင်ရသည်။

ရသေ့တောင်တွင် မဲပေးခွင့်ရှိသူ၏ ထက်ဝက်ကျော် ၅၈ ရာခိုင်နှုန်းကျော် မဲလာပေးသည်။ 

ရသေ့တောင်မြို့နယ် အမှတ် (၂) တွင် မဲပေး ခွင့်ရှိသူ ၅၂,၃၀၀ ဦးအနက် ၃၀,၄၇၈ သာ မဲလာပေးသည်။ ဦးတင်မောင်ဝင်းက ၂၄,၄၁၇ ကျော်ရပြီး ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးမောင်လှမြင့်က ၃၇၉၄ မဲနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးခင်သန်းမောင်က ၉၄၆ မဲရသည်။

ဆိပ်ကမ်း (ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် အမတ်လောင်း ၉ ဦးဝင်ပြိုင်သည်။ ကြံ့ခိုင်ရေးပါတီမှ ဦးနေမျိုးအောင်က အနိုင်ရသည်။ NLD ပါတီမှ ဦးသန်းထိုက်အောင်က ၃၅၆ မဲရသည်။

ထိုမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၄၀၀ ကျော် အနက် ထက်ဝက်ကျော်သာ မဲလာပေးသည်။ ဆိပ်ကမ်းမြို့နယ်သည် လူဦးရေနည်းပြီး ဆိပ်ကမ်းအာဏာပိုင်ရုံးမှ ဝန်ထမ်းအများစုနေထိုင်သည့်မြို့နယ်ဖြစ်သည်။

မြို့နယ်လိုအပ်ချက် ဖွံ့ဖြိုးရေးကိုလုပ်ပေးမည့် အမတ်ကိုလိုလားကြောင်း ဆိပ်ကမ်းမြို့နယ် ဒေသခံများက ပြောဆိုထားသည်။

မန္တလေး (ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး)

မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၄၂,၄၆၃ ဦးရှိသည့်အနက် ၁၇,၉၄၆ ဦး မဲလာပေးသည်။ အမတ်လောင်း ၅ ဦး ဝင်ပြိုင်သည်။ NLD ပါတီမှ ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန်က ၇၁၆၇ မဲဖြင့် အနိုင်ရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်နန်းထွေးမှုံက ၄၅၆၂ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာစိုင်းအောင်ကြည်က ၄၁၀၃ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာစိုင်းကျော်အုန်းက ၉၅၄ မဲ၊ တစ်သီးပုဂ္ဂလ ဦးအောင်ဌေးက ၇၃၀ မဲရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက် ပထမအကြိမ် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ၁၉ နေရာ ကျင်းပသည့်အနက် NLD က ၁၈ နေရာဝင်ပြီး ၉ နေရာ အနိုင်ရခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီတို့က တစ်နေရာစီ အနိုင်ရခဲ့သည်။