News

POST TYPE

EXTRA

ဘဝနေဝင်ချိန်ရောက်သူများအား ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးတဲ့နိုင်ငံ
30-Oct-2018
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၇ ရက် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် စီးပွားရေးကျွမ်းကျင် ယူနစ် (Economic Intelligence Unit) သုတေသနအရ မြန်မာနိုင်ငံဟာ ဘဝနေဝင်ချိန် သက်ကြီးရွယ်အိုများရဲ့ နောက်ဆုံးအချိန် ကျန်းမာရေးစောင့်ရှောက်မှု အနိမ့်ဆုံး ငါးနိုင်ငံများ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။ 



ယင်းစစ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကို အတည်ပြုထုတ်ပြန်လေ့လာခြင်းဖြစ်ပြီး သေဆုံးခါနီး သက်ကြီးရွယ်အိုများအပေါ် စောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံများအဖြစ် ဗြိတိန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယန်၊ ထိုင်ဝမ်၊ ဂျာမနီ၊ နယ်သာလန်၊ အမေရိကန်နှင့် ပြင်သစ်တို့က အစဉ်လိုက် ရှိကြတယ်ဆိုတယ်။ 

မြန်မာ၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အီရတ်တို့မှာ အစဉ်လိုက် အောက်ဆုံးမှာ ရှိကြတယ်။ အသက်အာမခံ လုပ်ငန်းများ တွင်ကျယ်အောင် မလှုပ်ရှားနိုင်တဲ့ အခြေအနေမှာ မြန်မာအပါအဝင် ဝင်ငွေနည်းပါးတဲ့ တိုင်းပြည်တွေကတော့ တစ်ဦးချင်း လိုအပ်ချက်များကို အနိုင်နိုင် ဖြည့်တင်းပေးနေရတဲ့ စိန်ခေါ်မှုတွေနဲ့ လုံးပန်းနေရပါတယ်လို့ စစ်တမ်းပါ ပြုစုရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းရေးသား ထားတယ်လို့ဆိုတယ်။ 

မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံသားတစ်ဦးမျှော်မှန်းသက်တမ်း ၆၈ ဒသမ ၈ နှစ် ဖြစ်နေချိန် ဂျပန်လူမျိုးရဲ့ ပျမ်းမျှသက်တမ်းက ၈၆ နှစ် ဖြစ်နေတယ်။ နော်ဝေနိုင်ငံသားတစ်ဦး မွေးဖွားလာရင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွေ အထဲက စုဆောင်းရရှိတဲ့ငွေ ဒေါ်လာနှစ်သောင်း (US$) ရနေတဲ့ အခြေအနေမှာ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံသား ရင်သွေးတစ်ယောက်မွေးဖွားရင် ငွေကျပ် ငါးသိန်း အကြွေးဆပ်ဖို့ တင်ရှိနေကြောင်း ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါတယ်။ 

အဆင့်အတန်းရှိ သေဆုံးရမှု (Quality of Death Index, 2015) မှာ ဆင်းရဲတဲ့ မွန်ဂိုလီးယားက အဆင့် ၂၈ မှာ အာဖရိက ယူဂန္ဓာနိုင်ငံအဆင့် ၃၅ မှာ ရပ်တည်နေပြီး ယင်းနိုင်ငံများရဲ့ ကျန်းမာရေး ဆေးရုံ၊ ဆေးခန်းများ အပြည့်အဝထူထောင်ထားပြီး ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်ခြင်းလို့ ဆိုတယ်။ 

မြန်မာနိုင်ငံအနေနဲ့ “စရိတ်မျှပေး ကျန်းမာရေး စနစ်” အရိပ်မည်းကြီးအောက်က မလွတ်ထွက်နိုင်သေးဘဲ ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာတွေ မိမိတို့ အိတ်ကပ်ထဲမှ စိုက်ထုတ်သုံးစွဲနေရတုန်း၊ အသက်အာမခံလုပ်ငန်း မတိုးတက်သေးသလို၊ သက်ကြီးရွယ်အိုများ ဆေးကုသပေးဖို့ နေနေသာသာ၊ အချို့မိသားစုဝင်များက လမ်းပေါ်စွန့်ပစ်ခြင်းမျိုး၊ ဘိုးဘွားရိပ်သာပို့ခြင်းမျိုးအထိ ရှိတတ်ကြပြီး သားသမီးများကလည်း စီးပွားရေးအဆင်မပြေတော့ ဘိုးဘွားတို့ရဲ့ ဘဝနေဝင်ချိန် ရပ်တည်ဖို့ ခက်လာတယ်။ 

ဖွံ့ဖြိုးပြီးနိုင်ငံက ဘိုးဘွားတွေအတွက် သီးသန့် ရန်ပုံငွေထားရှိသလို ကျန်းမာရေးအာမခံလုပ်ငန်း၊ ကျန်းမာရေးဆေးစစ်မှုပုံမှန်လုပ်ငန်းများ တွင်ကျယ်နေတဲ့အချိန် စောင့်ရှောက်မှု အပြည့်အဝပေးနေချိန်မှာ ဝင်ငွေနည်းပါးတဲ့ နိုင်ငံအတွက် ကျန်းမာရေးမူဝါဒ၊ အခြေခံလိုအပ်ချက်တွေများနေပြီး နိုင်ငံရဲ့ ဝင်ငွေ၊ နေထိုင်မှုစနစ်၊ လူမှုအသိုင်းအဝိုင်း၊ ဆက်ဆံရေး စသည်တို့မှာ တည်မှီနေကြောင်း ဆိုတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နှစ်အောက် ကလေးသေဆုံးနှုန်းဟာ အရှင်မွေးကလေး ၁၀၀၀ ရှိတိုင်း တစ်နှစ်အောက် ကလေး ၆၂ ဦး တစ်နည်း ၆ ဒသမ ၂ ရာခိုင်နှုန်း သေဆုံးနေတယ်ဆိုတယ်။ ငါးနှစ်အောက်ကလေး သေဆုံးနှုန်းမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အရှင်မွေး ၁၀၀၀ မှာ ငါးနှစ်အောက်သေဆုံးနှုန်း ၇၂ ဦး၊ တစ်နည်း ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိနေရာ၊ ယင်းအချိန် ထိုင်းနိုင်ငံရဲ့ ငါးနှစ်အောက် သေဆုံးနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်း ထက်မြင့်မားနေတာက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူထုရဲ့ ကျန်းမာရေးစနစ်အပေါ် အကျိုးရှိအောင် သုံးစွဲတတ်မှု အားနည်းသေးကြောင်း တွေ့ရှိရပါတယ်။ 

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ၊ ဘာသာရေး ကိုင်းရှိုင်းပြီး ကြီးသူကိုရိုသေ၊ အလှူအတန်းရက်ရောတဲ့ နိုင်ငံဖြစ်ပေမယ့် အသက်ကြီးလို့ ဘဝနေဝင်ချိန် ရောက်သူများအပေါ် သားသမီးများ ကောင်းကောင်းမထားနိုင် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ဖြစ်တာ ရပ်ကွက်မှာလည်း အသိဆုံး ဖြစ်ပါတယ်။ စွန့်ပစ်ရလို့ တောင်းရမ်းစားသောက်နေတဲ့ ဘိုးဘွားများထံက စားဝတ်နေရေး တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် ဖြေရှင်းနေရတာမျိုးအထိ ရှိနေတယ်။ “ဘိုးဘွား ရိပ်သာ” များ နိုင်ငံအနှံ့ရှိနေပေမယ့် ဆွေမျိုးမရှိတဲ့၊ ဝင်ငွေရှိတဲ့ ဘိုးဘွားများ၊ ကျန်းမာရေးကောင်းတဲ့ ဘိုးဘွားများအတွက်သာဖြစ်ပြီး မှီခိုမဲ့၊ အနာရောဂါနည်းတဲ့ ဘိုးဘွားတို့အတွက် သက်ဆိုင်ရာနယ်မြေ၊ မြို့နယ်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ထောက်ခံချက်ရယူဖို့ လိုသလို၊ သားသမီးမြေးများကလည်း အမှန်ဆင်းရဲနွမ်းပါးလို့ မစောင့်ရှောက်နိုင်ပါကြောင်း ထောက်ခံချက်ပါပါမှ လက်ခံတတ်ကြပါတယ်။ 

လမ်းမမှာ စွန့်ပစ်ခံကြရတဲ့၊ ဆွေမျိုးမသိတော့ဘဲ အနာရောဂါထူတဲ့ ဘိုးဘွားများကို ဆရာမ ဒေါ်သန်းမြင့်အောင်ရဲ့ “လူအိုလူနာ စောင့်ရှောက်ရေးဂေဟာ” ကလွဲလို့ အခြားပရဟိတလုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့ အန်ဂျီအိုအပါအဝင် ဘိုးဘွားရိပ်သာတို့က လက်မခံတာ လက်တွေ့ပဲဖြစ်တယ်။ နိုင်ငံတော် အစိုးရကတော့ အသက် ၈၅ နှစ် ကျော်လွန်တဲ့ ဘိုးဘွားများအား တစ်လကို ကျပ် တစ်သောင်းခွဲ ထောက်ပံ့ပေးရုံနဲ့ တာဝန်ကျေပြီလို့ တွက်ထားပုံရသလို ဘဝနေဝင်ချိန် ဘိုးဘွားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် အာရုံစူးစိုက်မှု နည်းပါးနေတာလည်း ဖြစ်ပါတယ်။ 

စစ်အစိုးရ နဝတ၊ နယက လက်ထက်ကစခဲ့တဲ့ “စရိတ်မျှပေး၊ ကျန်းမာရေးစနစ်” အရိပ်မည်းကြီးအောက်က ရုန်းမထွက်နိုင်သေးတော့ မြန်မာနိုင်ငံအနေနဲ့ “ဘဝနေဝင်ချိန်ရောက်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အနိမ့်ဆုံး ငါးနိုင်ငံထဲမှာ ပါဝင်နေတာက မထူးဆန်းပဲဖြစ်နေတယ်။ သမ္မတကြီး တာဝန် စယူတဲ့အချိန်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဟာ ကမ္ဘာ့အဆင့် ၁၉၁ ဆင့် ဘိတ်ဆုံးဖြစ်နေရတာက ကျန်းမာရေးအတွက် အစိုးရဘတ်ဂျက်ရဲ့ သုံးစွဲမှု ၁ ဒသမ ၃၆ ရာခိုင်နှုန်းအထိ နည်းပါးခဲ့လို့ ဖြစ်တယ်။ 

၂၀၁၅ ခုနှစ် ဒီဘက်ပိုင်းမှာ “လူနာများ အနေနှင့် မိမိပိုက်ဆံအိတ်ထဲက ကျန်းမာရေးစရိတ်အတွက် ကုန်ကျမှု မရှိစေရ” ဆိုတဲ့ ကျန်းမာရေး ဝန်ကြီးဌာန ခံယူကျင့်သုံးမှုများ အကောင်အထည် ဖော်ပြည့်ဝလာရင် ဘိုးဘွားများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုများအပြင် လူတန်းစားအလွှာအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်လာပြီး အနိမ့်ဆုံး ၅ နိုင်ငံထဲက လွတ်မြောက်နိုင်မှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဟာ နဝတ၊ နယက လက်ထက်မှာ အနိမ့်ကျဆုံးအထိ ရှိခဲ့ရာမှ စနစ်ပြောင်းလဲလာလို့ အနည်းငယ်မြင့်တက်လာတယ် ဆိုရမှာ ဖြစ်ကြောင်းပါ။ 

ဒေါက်တာထူးပြည့်စုံသျှင်


  • VIA