News

POST TYPE

EXTRA

မလေးသင်္ချိုင်းနဲ့ အာရပ်သင်္ချိုင်း
29-Oct-2018

တစ်နေ့ စာရေးသူဆီ ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် အပြင်မှာ တစ်ခါမှ မဆုံတွေ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်က စင်ကာပူနိုင်ငံမှာရှိတဲ့ အစ္စလာမ်အထိမ်းအမှတ် နေရာတချို့အား ပြသလိုကြောင်း ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ အပြန်အလှန် ဆက်သွယ်ရင်း ရင်းနှီးသွားကြပြီး စင်ကာပူနိုင်ငံရှိ မလေးမင်းဆက် သင်္ချိုင်းတစ်ခုနဲ့ ရှေးအာရပ်အဆက်အနွယ် ဂူဗိမာန်တစ်ခုတို့အား လေ့လာကြည့်ရှုရန် ရည်ရွယ်ထားကြောင်း ပြောကြားလာပါတယ်။ စာရေးသူကလည်း သမိုင်းကို စိတ်ဝင်စားသူဖြစ်ပြီး စင်ကာပူရောက်ခိုက် မဟာမိတ် စစ်သင်္ချိုင်း၊ ဂျပန်သင်္ချိုင်း၊ အာဇာနည် အထိမ်းအမှတ် ကျောက်တိုင်များဆီသို့ သွားရောက်လေ့လာခဲ့ပြီးဖြစ်ရာ ယခုကဲ့သို့ မလေးနှင့် အာရပ်သင်္ချိုင်းများဆီသို့ သွားရောက်ရမည် ဆိုသောအခါ စိတ်ဝင်စားမှုအထူး ဖြစ်မိပါတယ်။ အင်တာနက်မှာ စင်ကာပူက သမိုင်းဝင် အဆောက်အအုံတွေ၊ လူပုဂ္ဂိုလ်တွေအကြောင်း မွေနှောက်ရှာဖွေခဲ့ပေမယ့် ဒီ မလေးမင်းဆက်သင်္ချိုင်းနဲ့ အာရပ်ဂူဗိမာန်တွေကတော့ မတွေ့မိခဲ့ပါ။ အခုတော့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေက အဲဒီသင်္ချိုင်းနေရာ အင်တာနက် အချက်အလက်တွေပါ ပေးလို့လာလို့ မသွားခင် သူတို့အကြောင်းတွေ ဖတ်ရှုနေမိပါတယ်။ စင်ကာပူက မလေးမင်းဆက်သင်္ချိုင်းကို Bukit Purmei Keramat Bukit Kasita လို့ ရည်ညွန်းခေါ်ဆိုပြီး အာရပ်အနွယ် ဂူဗိမာန်ကိုတော့ Keramat Habib Noh လို့ ခေါ်ဆိုတယ်လို့ သိရပါတယ်။



Bukit Purmei Keramat Bukit Kasita

ရုံးပိတ်ရက်တစ်နေ့ မလေးမင်းဆက်သင်္ချိုင်း Bukit Purmei Keramat Bukit Kasita ဆီ သွားဖို့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေနဲ့ Outram Park MRT ရထားဘူတာရုံ ထွက်ပေါက်မှာ မနက်ပိုင်း ချိန်းဆိုလိုက်ပါတယ်။ ချိန်းဆိုထားတဲ့အတိုင်း နှစ်ဦးသား ဘူတာရုံမှာ တွေ့ဆုံမိတ်ဆက်ပြီး မလေးသင်္ချိုင်း ခရီးစဉ်ကို စတင်လိုက်ပါတယ်။ ဘူတာရုံအနားက ကားမှတ်တိုင်မှာ ဘတ်စ်ကား အမှတ် ၁၂၄ ကို ၁၀ မိနစ်လောက် စီးပြီး Kampong Bahru လမ်းမှာ ဆင်းလိုက်ပါတယ်။ မလေးင်္ချိုင်းဟာ စင်ကာပူမြို့ထဲ Kampong Bahru က Bukit Purmei ဆိုတဲ့ အစိုးရအိမ်ရာ အဆောက်အအုံတွေ (Housing & Development Board - HDB) အနားမှာ တည်ရှိပါတယ်။ တစ်ဖက်လမ်းကို ဖြတ်လျှောက်ပြီး လမ်းမကြီးပေါ်ကနေ အဲဒီအပြာနဲ့အဖြူ HDB အဆောက်အအုံတွေကြားက လမ်းကြားလေးထဲဝင်လိုက်တာနဲ့ သစ်ရွက်၊ သစ်ပင်တွေ အများအပြား ပေါက်ရောက်နေတဲ့ တောင်ကုန်းငယ်လေးတစ်ခုအပေါ်မှာ အင်မတန် ဟောင်းနွမ်းယိုင်နဲ့နေပြီး မသပ်မရပ်ရှိလှတဲ့ သွပ်မိုးအိမ်တစ်လုံးကို တွေ့ရပါတယ်။ အိမ်မှာ ဘေးအဖီအဆွယ်တွေ ရှိနေပြီး ဘေးပတ်လည်မှာလည်း သွပ်တွေနဲ့ ပတ်လည်ကာထားပါတယ်။ အိမ်ရှေ့မှာ အဝတ်အစားတွေ ထုတ်လှန်းထားတာဖြစ်လို့ လက်ရှိ လူနေတယ်ဆိုတာတော့ သေချာပါတယ်။ အဲဒီအိမ်ဟာ သင်္ချိုင်းကို တာဝန်ယူ ဆောင်ရွက်နေတဲ့ မိသားစုနေတဲ့အိမ် ဖြစ်ပါတယ်။ အမှန်တော့ ဒီအိမ်နဲ့ ဝန်းကျင်မြင်ကွင်း၊ သင်္ချိုင်းအုတ်ဂူများ ဓာတ်ပုံနဲ့ ဆက်စပ်သတင်းအချက်အလက်များကို မသွားခင် အင်တာနက်ကတစ်ဆင့် လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။ 

ဒီသင်္ချိုင်းပုံနဲ့ အိမ်တွေကို အင်တာနက်မှာ တွေ့တုန်းက ဒီလို မသားမနား နုံချာလှတဲ့ ပတ်ဝန်းကျင်ဟာ စင်ကာပူဖြစ်တယ်ဆိုတာကို ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပါဘူး။ စာရေးသူ မြန်မာမိတ်ဆွေတစ်ယောက်နေတဲ့ တိုက်တန်းလျားသွားလည်တုန်းက သူတို့လှန်းတဲ့ အဝတ်တန်းတွေမှာ ရေဝပ်လို့ ပိုးလောက်လန်းတွေ တွေ့ရရင် သက်ဆိုင်ရာက သတိပေးတယ်၊ ထပ်ဖြစ်ရင် ဒဏ်ရိုက်တယ်ဆိုတာ သိခဲ့ရတော့ အခုလို စင်ကာပူမြို့လယ် အချက်အချာကျလှတဲ့ Outram Park MRT ရထားဘူတာရုံနဲ့ မဝေးလှတဲ့နေရာတစ်ခုမှာ တောရွာသာသာ အခင်းအကျင်းနဲ့ အိမ်၊ ဝင်းခြံတစ်ခု ရှိနေတယ်ဆိုတာ ကိုယ်ကိုယ်တိုင်သာ မရောက်ခဲ့ရင် ယုံကြည်မိမှာ မဟုတ်ပါဘူး။ အခုတော့ မျက်မြင်ကိုယ် တွေ့ကြုံနေရပါပြီ။ အံ့အားသင့်ခြင်းကြီးစွာနဲ့ စာရေးသူနဲ့မိတ်ဆွေတို့ အိမ်အနားအထိကို တိုးကပ်သွားရင်းအထဲမှာ လူများတွေ့ရမလား စူးစမ်းမိတယ်။ လူတွေ့ရင် မိတ်ဆက်၊ အိမ်နောက်ဘက်မှာ ရှိတယ်ဆိုတဲ့ မလေးသင်္ချိုင်းဂူ အစုအဝေးကြီးဆီသွားဖို့ ဝင်ခွင့်တောင်းမယ်ပေါ့။ အိမ်အတွင်းမှာ လူရိပ်လူယောင် မတွေ့ရပါဘူး။ စာရေးသူနဲ့အတူပါတဲ့ မိတ်ဆွေက ဒီကို တစ်ခေါက်ရောက်ပြီးပါပြီ။ သူရောက်တုန်းကလည်း အိမ်ထဲမှာ လူမရှိလို့ တစ်ယောက်တည်းလည်း ဖြစ်နေလို့ အပြင်ကပဲ လေ့လာပြီး ပြန်လာခဲ့ရတယ်ဆိုပါတယ်။ အခုတော့ နှစ်ယောက်ဆိုတော့ နည်းနည်းအားရှိတာပေါ့။

ဒါနဲ့ မိတ်ဆွေဖြစ်သူက အိမ်ရှေ့ အုတ်လှေကားကတစ်ဆင့် ဟင်းလင်းပွင့်နေတဲ့ အိမ်တံခါးပေါက် အတွင်းနားအထိဝင်ပြီး လူရှိသလားဆိုပြီး အော်ခေါ်ပါတယ်။ စာရေးသူကတော့ မိတ်ဆွေကို အတွင်းထဲအထိ မဝင်ဖို့ သတိပေးရင်း နှစ်ဦးသား ဝင်းခြံအတွင်း အိမ်ဘေးနားက လမ်းကျဉ်းလေးကတစ်ဆင့်ပတ်ပြီး အိမ်အနောက်ဘက် သင်္ချိုင်းဂူတွေဆီ သွားတဲ့လမ်းများ တွေ့နိုင်မလား ဝင်ကြည့်ကြပါတယ်။ အိမ်ဘေးလမ်းကြား တစ်လျှောက်ဟာ ဘာမှခင်းတာမျိုးမရှိပဲ ဒီမနက်မှာ မိုးက ရွာထားတာမို့ အပင်တွေ၊ ရွှံ့တွေ၊ မြက်ပင်တွေနဲ့ တကယ်မှ တကယ့်ကို တောလမ်းလေး အတိုင်းပါပဲဗျာ။ ဒါစင်ကာပူဆိုရင် ဘယ်လိုမှ ယုံနိုင်ဖွယ် မရှိပါဘူး။ စာရေးသူကတော့ တစ်ခုခုတော့ မှားနေပြီလို့ စိတ်ထဲတွေးမိလိုက်ပါတယ်။ အနားမှာ HDB ကားပါကင်တစ်ခုရှိပြီး အဲဒီမှာ သင်္ချိုင်းဂူတွေကို တံတိုင်းကကျော်ပြီး မြင်နိုင်တဲ့ လူသွားလမ်းလေးတစ်ခုရှိတယ်ဆိုလို့ ကားပါကင်ရှိရာကို သွားကြပါတယ်။ ကားပါကင်မှာ ကားတစ်စီးဝင်လာတာ တွေ့ပါတယ်။ အချိန်က နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ပါ။ ကားပါကင်ဝန်းကျင်မှာ အိမ်ရာအဆောက်အအုံတွေ ဝန်းရံနေပြီး အတွင်းထောင့် တစ်နေရာမှာတော့ ချုံနွယ်သစ်ပင်တွေ ပေါက်ရောက် ဖုံးကွယ်နေတဲ့ တောတန်းတစ်ခုလိုမျိုးကို တွေ့ရပါတယ်။ တောတန်းလေးအတွင်းကို သွားတဲ့ မြေသား လူသွားလမ်းတစ်ခုလည်း ရှိနေပါတယ်။ အပြင်ကလှမ်းကြည့်ရင် လမ်းအတွင်းက တံတိုင်းအဟောင်းတစ်ခုကို လှမ်းမြင်နေရပါတယ်။ အထဲဝင်သင့်၊ မသင့် ချိန်ဆနေတုန်း ခုနက ကားပါကင်မှာ လာရပ်တဲ့ကားထဲက လူလတ်ပိုင်း အမျိုးသားတစ်ယောက် ထွက်လာပြီး အထုပ်တစ်ထုပ်ကိုင်လို့ တောလမ်းလေးအတိုင်း ဝင်သွားပါတော့တယ်။ ဒါနဲ့ စာရေးသူတို့ နှစ်ယောက်လည်း မယောင်မလည်နဲ့ အဲဒီလူနောက်လိုက်ပြီး တောလမ်းလေးထဲ ဝင်ခဲ့ကြပါတော့တယ်။ 

၁၀ လှမ်း၊ ၁၅ လှမ်းလောက် လျှောက်ပြီးတာနဲ့ တံတိုင်းက သိပ်အမြင့်ကြီး မဟုတ်လှတာမို့ အုတ်နံရံတွေကကျော်ပြီး အဝါရောင်၊ အစိမ်းရောင် အဝတ်စတွေ ပတ်ချည်ထားတဲ့ သင်္ချိုင်းအုတ်ဂူ အစုအဝေးတစ်ခုကို မြင်တွေ့လိုက်ရပါတယ်။ အင်တာနက်မှာ တွေ့ပြီးသားမို့ ဒါ မလေးဘုရင်မင်းဆက် သင်္ချိုင်းဆိုပြီး ညွှန်းဆိုထားတာကို သတိရလိုက်ပါတယ်။ ရှေ့ကသွားတဲ့ လူနောက် ဆက်လိုက်သွားပါတယ်။ အဲဒီလူက ခုနက ကျွန်တော်တို့ လူရှိသလားမေးတဲ့ တဲအိမ်တန်းလျားရဲ့ နောက်ဘက်ဆီ ဝင်သွားပါတယ်။ အိမ်နောက်ဘက်မှာ အုတ်တံတိုင်းခတ်မထားတဲ့ နောက်ထပ် သင်္ချိုင်းငယ် တစ်ခုကို ထပ်တွေ့ရပါတယ်။ အဲဒီ သင်္ချိုင်းဂူတွေမှာတော့ အဝါရောင်၊ အစိမ်းရောင်ပိတ်စတွေ စည်းနှောင်ထားတာ မတွေ့ရပါဘူး။ အဲဒီအမျိုးသား အိမ်နောက် ဘက်ဝင်ပြီး ခဏကြာတော့ ပြန်ထွက်လာပါတယ်။ သူ့ကြည့်ရတာ မြန်မာအမျိုးသားတစ်ယောက်ကဲ့သို့ အသွင်အပြင်ရှိတာကြောင့် မလေးတစ်ယောက်ဖြစ်မယ်လို့ မှန်းဆလို့ ရပါတယ်။ သင်္ချိုင်းဂူတွေနားမှာ သူနဲ့ မျက်နှာချင်းဆိုင်တွေ့တော့ သူ့ကိုလှမ်းနှုတ်ဆက်တော့ သူ့က အကြမ်းဖျင်း ဒီသင်္ချိုင်းအကြောင်းကို ရှင်းပြပါတယ်။ 

သူပြောတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက အခု မင်းတို့ရပ်နေတဲ့ မြေနေရာဟာ မလေးရှားမှာရှိတဲ့ ဂျဟိုးဆူလတန် (Sultan of Johor) တစ်နည်း မလေးရှားအပိုင် ဖြစ်တယ်၊ ဂျဟိုးဆူလတန်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတယ်ဆိုတာပါပဲ။ စိတ်ထဲ နည်းနည်းတော့ လန့်သွားမိပါတယ် (သူက ဒီလို ပြောပေမဲ့ စင်ကာပူမှတ်တမ်းတွေမှာတော့ စာရေးသူ လေ့လာဖတ်ရှုမိသလောက် ဒီနေရာဟာ ဂျဟိုးအပိုင် ဖြစ်တယ်ဆိုတာမျိုး ဖော်ပြထားတာ မတွေ့မိပါဘူး)။ ရည်မွန်သဘောကောင်းပြီး ကျန်းမာပြည့်ဖြိုးတဲ့အသွင်ရှိတဲ့ အဆိုပါ မလေးပုဂ္ဂိုလ်က သူ အခု သူ့ယောက္ခမကြီးဆီလာတာ ဖြစ်တယ်၊ သူ့ယောက္ခမကြီးက ဒီသင်္ချိုင်းကို စောင့်ရှောက်နေသူဖြစ်တယ်၊ ဒီအိမ်တန်းလျားကြီးဟာ အရင်က ဗလီအဖြစ် အသုံးပြုခဲ့တယ်၊ အခုတော့ သူ့ယောက္ခမကြီးအပြင် အခြားမိသားစု လေး၊ ငါးစု လောက်နေကြတယ်၊ မင်းတို့ အခု ရပ်နေတဲ့နားက သင်္ချိုင်းဂူတွေဟာ မင်းမျိုးမင်းနွယ်တွေ မဟုတ်ဘူး၊ သူတို့ ငယ်သားတွေဖြစ်တယ်၊ မင်းမျိုးမင်းနွယ် အုတ်ဂူတွေက ခုနက မင်းတို့ဖြတ်လာတဲ့ တံတိုင်းအတွင်းက ဝင်းထဲမှာ ရှိတယ်၊ အဝါရောင်အဝတ် စည်းနှောင်ထားတာက မင်းမျိုးမင်းနွယ် အမှတ်အသားဖြစ်ပြီး အစိမ်းရောင်က အစ္စလာမ် အမှတ်အသားဖြစ်တယ် စသဖြင့် ရှင်းပြပါတယ်။ စာရေးသူတို့က အုတ်တံတိုင်းထဲက မင်းမျိုးမင်းနွယ်အုတ်ဂူတွေကို အတွင်းထဲအထိဝင်ပြီး လေ့လာချင်တယ်၊ ဖြစ်သလားလို့ မေးတော့ သူက ဖြစ်ပါတယ်၊ မင်းတို့ ဒီကနေ ပြန်ထွက်ပါ၊ အိမ်လေးဘက်ဆီ ပြန်လျှောက်ပါ၊ အိမ်ဘေးနားမှာ တံခါးတစ်ပေါက်ရှိတယ်၊ ဝင်သွားပါ၊ ကံကောင်းရင် သူ့ယောက္ခမကြီးကို တွေ့ရမယ်၊ ကျန်းမာရေးတော့ သိပ်မကောင်းလှဘူး၊ ဒါပေမဲ့ သူလိုက်ပြပါလိမ့်မယ်ဆိုပြီး ပြောပါတယ်။ 

ဒါနဲ့ စာရေးသူတို့ ၂ ယောက်သား ဒီ မလေးမိတ်ဆွေနဲ့ တောလမ်းလေးအတိုင်း အပြင်ကို ပြန်ထွက်လာခဲ့ပါတယ်။ အပြင်မရောက်ခင် တံတိုင်းအနားရောက်တော့ အတွင်းက အုတ်ဂူတွေကို ညွှန်ပြရင်း ဓာတ်ပုံရိုက်ပါ၊ ဒါ မလေးမင်းမျိုးမင်းနွယ် အုတ်ဂူတွေပဲဆိုပြီး ဆိုပါတယ်။ ကြီးမားတဲ့ အုတ်ဂူတစ်ခုမှာ အမွှေးတိုင်တွေ ထွန်းညှိထားတာကို ညွှန်ပြရင်း မင်းတို့တွေ့လား၊ တချို့တရုတ်လူမျိုးတွေက ဒီကိုလာပုံရတယ်၊ အမွှေးတိုင်တွေ ထွန်းကြတယ်၊ ဒါက မွတ်ဆလင် သင်္ချိုင်းလေ၊ သူတို့ အဲဒီလို မလုပ်သင့်ဘူးလို့ ပြောပါတယ်။ နောက် သူလည်း စာရေးသူတို့ကို နှုတ်ဆက်ပြီး ပြန်ထွက်သွားပါတယ်။ တံတိုင်းအပြင်ကနေ အနားက ပျက်စီးနေတဲ့ ဆိုဖာထိုင်ခုံတစ်လုံးအပေါ်တက်ပြီး တံတိုင်းအတွင်းက အုတ်ဂူတွေကို မှတ်တမ်းဓာတ်ပုံတွေ ရိုက်ယူကြပါတယ်။ အမှန်တော့ ဒီအတွင်းနေရာဟာ သေးငယ်တယ်ဆိုပေမယ့် အတော်ကို ချောင်ကျပြီး ဝန်းကျင်ဟာ တကယ်မဖွံ့ဖြိုးသေးတဲ့ တောရွာအခြေအနေ ဖြစ်ပါတယ်။ မဟုတ်တာ လုပ်မယ်ဆိုရင်၊ အကြမ်းဖက်သမားတွေ ခိုအောင်းမယ်ဆိုရင် ဖြစ်နိုင်တဲ့နေရာမျိုး ဖြစ်ပါတယ်။ စင်ကာပူလို နေရာတိုင်း စီစီတီဗီ တပ်ဆင်ထားတဲ့နိုင်ငံမျိုးမှာ ဒီအနီးဝန်းကျင်မှာလည်း သေချာပေါက် ကင်မရာတွေ ရှိမှာပါပဲ။ တောလမ်းလေးထဲက ပြန်အထွက် စာရေးသူလည်း အတူပါ မိတ်ဆွေကို အကယ်လို့ အကြမ်းဖက်မှုလိုမျိုး တစ်ခုခုသာ စင်ကာပူမှာ ဖြစ်ခဲ့လို့ကတော့ ကျွန်တော်တို့ နှစ်ယောက် မလွယ်လှဘူး ထင်တယ်လို့ ပြောမိပါတယ်။ ဒါပေမဲ့ သိလိုစိတ်က ပြင်းပြနေတော့ အနားက မခွာနိုင်ပါဘူး။ အပြင်ပြန်ရောက်တော့ မလေးပုဂ္ဂိုလ် ပြောတဲ့အတိုင်း တဲအိမ်ဘေးနားက တံခါးပေါက်ကို လိုက်ရှာကြပါတယ်။ တစ်နေရာမှာ ဝါယာကြိုးတွေ၊ ကြိုးစတွေနဲ့ ဖြစ်သလို ပတ်ချည်ထားတဲ့ အတွင်းကိုဝင်တဲ့ သံဆန်ခါ တံခါးတစ်ချပ် တွေ့ပါတယ်။ 

အဲဒီတံခါးကနေ စာရေးသူတို့ အတွင်းကို အော်ခေါ်ပါတယ်။ ဘယ်သူမှ ထွက်မလာပါဘူး။ ဒါနဲ့ စာရေးသူ မိတ်ဆွေက တံခါးကို ပတ်ချည်ထားတဲ့ ကြိုးကိုဖြေပြီး အတွင်းကို ဝင်ပါတယ်။ စာရေးသူလည်း နောက်က လိုက်ဝင်ပါတယ်။ ဒါဟာ အင်မတန်ရဲတင်းတဲ့ အပြုအမူဖြစ်ပါတယ်။ တံခါးပေါက်ကနေ အိမ်ဆီသွားတဲ့ လမ်းတစ်လျှောက်မှာ တိုလီမိုလီပစ္စည်းတွေနဲ့ ပြည့်နှက်နေပြီး အနံ့အသက်က အတော်မကောင်းတာ တွေ့ရပါတယ်၊ ကြောင်အချို့ကိုလည်း လှောင်အိမ်ထဲမှာ ထည့်တားတာ တွေ့ရပါတယ်။ အထဲကိုအသွား ဘေးအဖီ အဆွယ်တန်းလျား အခန်းတစ်ခုက ခုတင်တစ်လုံးပေါ်မှာ ကောင်းစွာ ကျန်းမာပုံမရတဲ့ မြန်မာနဲ့ တူလှတဲ့ မလေးလို့ ယူဆရတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို တွေ့ပါတယ်။ သူ့အခန်းကလည်း ပွရှုပ်နေလိုက်တာလေ။ သူမက ခုတင်ပေါ်ကနေ စာရေးသူတို့ကို မဝင်နဲ့၊ ပိုင်ရှင် အပြင်ရောက်နေတယ်ဆိုပြီး အင်္ဂလိပ်လို ပြောပါတယ်။ ဒါနဲ့ စာရေးသူတို့ သူ့ကို နှုတ်ဆက်၊ အပြင်ကို ပြန်ထွက်လာပြီး တဲအိမ်တန်းလျားကို အပြင်ကနေ ဓာတ်ပုံတွေထပ်ရိုက်၊ နောက်တစ်နေရာဖြစ်တဲ့ အာရပ်သင်္ချိုင်း (ဂူဗိမာန်) ဆီသွားဖို့ လမ်းထိပ်က ဘတ်စ်ကား ဂိတ်ဆီ ထွက်လာခဲ့ကြပါတယ်။ 

ဒီမှာ မေးစရာရှိတာ သင်္ချိုင်းထဲက မင်းမျိုးမင်းနွယ်အုတ်ဂူတွေဆိုတာ ဘယ်သူတွေလဲ ဆိုတာဖြစ်ပါတယ်။ စာရေးသူတို့ သတိထားကြည့်မိသလောက် သင်္ချိုင်းအုတ်ဂူတွေမှာ ဘာစာတန်း အမှတ်အသားမှ ရေးထိုးမထားပါဘူး။ အင်တာနက် သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Remember Singapore ကို ဖတ်ကြည့်တော့ ဒီသင်္ချိုင်းရဲ့သမိုင်းဟာ နည်းနည်းရှုပ်ထွေးမှုရှိပြီး လျှို့ဝှက်ဆန်းကြယ် ဒဏ္ဍာရီဆန်ပါတယ်။ ဒီသင်္ချိုင်းဟာ ဟိုးရှေးရှေးက Temasek လို့ခေါ်တဲ့ အခု စင်ကာပူကျွန်းကို စတင်တွေ့ရှိခဲ့သူလည်းဖြစ်ပြီး Kingdom of Singapura ကို စတင်တည်ထောင်သူလည်းဖြစ်သူ Sang Nila Utama (၁၂၉၉-၁၃၄၇) နဲ့ ဆက်နွှယ်ပတ်သက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ Kingdom of Singapura ဆိုတာ ၁၂၉၉ ကနေ ၁၃၉၈ အထိ စင်ကာပူကျွန်းပေါ်မှာ တည်ရှိခဲ့တဲ့ တစ်ချိန်က မလေးဘုရင့်နိုင်ငံတော်ဖြစ်တယ်လို့ သိရပါတယ်။ှSang Nila Utama ဟာ Kingdom of Singapura ကို ၁၂၉၉ မှာ စတင်တည်ထောင်ခဲ့ပြီး ၁၃၄၇ မှာ ကွယ်လွန်ခဲ့ပါတယ်။ နောင်နှစ် ၂၀၀ ကြာတဲ့အခါ Sang Nila Utama ရဲ့ ခုနစ်ဆက်မြောက် ဆင်းသက်လာသှူSultan Alaudin Riayat Shah II က မလက်ကာ (Malacca) ပေါ်တူဂီတွေလက်ထဲကို ကျသွားပြီးတဲ့နောက် ဂျဟိုးအင်ပါယာ (Johor Sultanate) ကို တည်ထောင်ခဲ့ပြီး စင်ကာပူကျွန်းဟာလည်း ၁၆ ရာစုကနေ ၁၉ ရာစုအထိ ဂျဟိုးအင်ပါယာလက်အောက်ခံ ဖြစ်ခဲ့ပါတယ်။ ၁၅၃၀ မှာ ဂျဟိုဆူလတန် (Sultan Alaudin Riayat Shah II) က စင်ကာပူက Keramat Bukit Kasita ကို မြင့်မြတ်တဲ့တောင်ကုန်းအနေနဲ့ တည်ထားခဲ့ပါတယ်။ Remember Singapore အဆိုအရ ဒီမလေးသင်္ချိုင်းမှာ ဂူသင်္ချိုင်း၂၀၀ လောက်ရှိခဲ့ပြီး ၁၇၂၁ လောက်က ဂူသင်္ချိုင်းတွေအထိ ရှိပါတယ်။ ဒီလို မလေးဘုရင် အဆက်အနွယ်တွေကို မြှုပ်နှံထားတယ်ဆိုပေမယ့် သင်္ချိုင်းရဲ့သမိုင်းနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဒီသင်္ချိုင်းကို လက်ရှိ နာမည် Bukit Purmei Keramat Bukit Kasita အပြင် Tanah Kubor diRaja (Royal Burial Ground in Malay) လို့လည်း သိကြပါတယ်။ 

သမိုင်းဆိုတာ တစ်ခါတလေ သူ့အမြင်၊ ကိုယ့်အမြင်နဲ့ အမျိုးမျိုးပြောဆိုကြတာ ရှိတတ်ပါတယ်။ မလေးသတင်းအရင်းအမြစ် ဝက်ဘ်ဆိုက်အချို့မှာတော့ အဲဒီကသင်္ချိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက် အဆိုအရ ဒီက အုတ်ဂူတွေထဲမှာ ၁၄ ရာစု- ၁၅ ရာစုကာလ စင်ကာပူ အတိတ်သမိုင်းနဲ့ နှီးနွှယ်နေခဲ့တဲ့ Sultan Iskandar Shah ရဲ့ အုတ်ဂူလည်း ရှိတယ်လို့ ဆိုပါတယ်။ Sultan Iskandar Shah ကို စင်ကာပူသမိုင်းမှာ Parameswara ဒါမှမဟုတ် Sri Tri Buana အနေနဲ့လည်း သိကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အကြောင်းကတော့ ပဟေဠိဆန်လှပါတယ်။ သူဟာ ၁၄ ရာစုနှောင်းပိုင်းမှာ စင်ကာပူကို အုပ်ချုပ်ခဲ့တဲ့သူ၊ နောက်ပိုင်းမှာ မလေးရှားနိုင်ငံက ပြည်နယ်တစ်ခုဖြစ်တဲ့ မလက်ကာ (Melaka) ကို တည်ထောင်ခဲ့သူလို့ ယူဆကြပါတယ်။ ဒါမှမဟုတ်ရင်လည်း သူဟာ မလက်ကာကို တည်ထောင်သူရဲ့ ဆက်ခံတဲ့သူ ဖြစ်တယ်လို့ ယူဆကြပါတယ်။ လေ့လာသူတွေက Iskandar Shah နဲ့ Parameswara ဆိုတာ လူတစ်ယောက်တည်းဖြစ်ပြီး Parameswara ဟာ မွတ်ဆလင်အဖြစ် ပြောင်းလဲခံယူပြီး Iskandar Shah ဆိုတဲ့ အမည်ပြောင်းလိုက်တယ်လို့လည်း ယူဆကြပါတယ်။ Parameswara ဆိုတာ ၁၂၉၉ ကနေ ၁၃၉၈ စင်ကာပူကျွန်းမှာ တည်ရှိခဲ့တဲ့ Kingdom of Singapura ရဲ့ နောက်ဆုံးမင်းတစ်ပါး ဖြစ်ပါတယ်။ မလေးသမိုင်း မှတ်တမ်းတွေအရဆိုရင် Iskandar Shah ဟာ Singapura ကို ၁၃၈၉ ကနေ ၁၃၉၈ အထိ အုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ၁၃၉၈ မှာ သူအုပ်စိုးတဲ့ Singapura ကို အင်အားကြီးမားတဲ့ Majapahit Empire (Majapahit Empire ဆိုတာ ပင်လယ် ပိုင်နက် နယ်ပယ်တွေကို အခြေပြုပြီး ရေတပ်အင်အား အသုံးပြု နယ်ပယ်ချဲ့ထွင်တဲ့ အင်ပါယာဖြစ်ပါတယ်) ရေတပ်က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စင်ကာပူ ကျွန်းကနေ ထွက်ပြေးပြီး ၁၄၀၂ မှာ မလေးရှား မလက်ကာ (Malacca) မှာ နယ်မြေအသစ် တည်ထောင်တယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြပါတယ်။ Sultan Iskandar Shah ဟာ ၁၄၁၄ မှာ မလေးရှားနိုင်ငံ၊ မလက်ကာမှာ ကွယ်လွန်ခဲ့တယ်လို့ ယူဆကြပါတယ်။ 



Keramat Habib Noh

မလေးတော်ဝင်သင်္ချိုင်းကနေ အာရပ်ဂူဗိမာန်ဆီ ဘတ်စ်ကားနဲ့ ခရီးဆက်ခဲ့ကြပါတယ်။ လမ်းမှာ ဘတ်စ်ကား ၂ ဆင့်ပြောင်းစီးရပြီး Tanjong Pagar MRT ရထားဘူတာရုံအနားက Haji Muhammad Salleh Mosque ဆိုတဲ့ ဗလီကို ရောက်သွားကြပါတယ်။ စင်ကာပူမှာ နေထိုင်ခဲ့တဲ့ ဘာတာဗီးယား (Batavia) (ယခု အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ) က ကုန်သည်တစ်ဦးဖြစ်တဲ့ Haji Muhammad Salleh ဟာ စင်ကာပူ Tanjong Pagar မှာရှိတဲ့ လူသူဝေးရာ Mount Palmer (Parsee Hill) မှာ မကြာခဏ တရားကျင့်ကြံလေ့ရှိတဲ့ သူအင်မတန် လေးစားကြည်ညိုတဲ့ သူငယ်ချင်းဖြစ်သူ Habib Noh ဖြစ်သူ အသုံးပြုဖို့ ဘာသာရေး အဆောက်အအုံတစ်ခု ဆောက်လှူဒါန်းဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ထားတဲ့ အဆောက်အအုံမဆောက်လုပ်ခင်မှာ Habib Noh ဟာ ကွယ်လွန်သွားခဲ့ပါတယ်။ Habib Noh ရဲ့ နာမည်အပြည့်အစုံက Sayyid Noh bin Sayyid Mohamad bin Sayyid Ahmad Al-Habshi ဖြစ်ပါတယ်။ Habib Noh ဟာ တမန်တော် (Prophet Muhammed) မှ ဆင်းသက်လာသူဖြစ်ပြီးဟာ မွတ်ဆလင် သူတော်စင်တစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရသူ ဖြစ်ပါတယ်။

Haji Muhammad Salleh ဟာ Habib Noh အထိမ်းအမှတ် ဂူဗိမာန်တည်ဆောက်ဖို့ Mount Palmer တောင်ခြေမှာ မြေကွက်တစ်ကွက် လှူဒါန်းခဲ့ပြီး ဂူဗိမာန်လာတဲ့သူတွေ အသုံးပြုဖို့ ဒီဗလီကြီးကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၉၀၃ မှာ တည်ဆောက်ပြီး စီးတယ်လို့ သိရပါတယ်။ ဒီဗလီကြီးဟာ တစ်ချိန်က ၁၉၆၀ ကျော်၊ ၁၉၇၀ ကျော်နှစ်လွန်များက ရုံးပိတ်ရက်များမှာဆို သူတော်စင် Habib Noh ထံမှာ လာရောက် ဆုတောင်းမေတ္တာပို့တဲ့သူတွေ ပြည့်နှက်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာတော့ လူတွေက အလုပ်များလာတာကတစ်ကြောင်း၊ နောက် မွတ်ဆလင်ဘာသာမှာ ဒီလို သူတော်စင် ဂူဗိမာန်တွေဆီသွားတာကို အားမပေးတာတွေကြောင့် လူသိပ်စည်ကားမှု မရှိတော့ပါဘူး။ စာရေးသူတို့ ဗလီကြီးဆီရောက်သွားတော့ အထဲမှာ ဂူဗိမာန် ၂ ခု တွေ့ပါတယ်။ တစ်ခုက Habib Noh ရဲ့ ဆွေမျိုးတော်စပ်သူ Sayid Abdur Rahman bin Salim AlHabsyi အုတ်ဂူဖြစ်ပြီး နောက်တစ်ခု ပိုကြီးမားပြီး အခန်းနဲ့သီးသန့်ထားရှိတဲ့ ဂူဗိမာန်ကတော့ သူတော်စင် Habib Noh အထိမ်းအမှတ် ဂူဗိမာန် ဖြစ်ပါတယ်။ စာရေးသူတို့ ဂူကို ရောက်ရှိချိန်မှာ အတွင်းမှာ ဆုတောင်းမေတ္တာပို့သနေသူ မွတ်ဆလင်အမျိုးသား၊ အမျိုးသမီး ၇ ဦး၊ ၈ ဦး ဝန်းကျင်လောက်ရှိပြီး တချို့ဆို တရားထိုင်သလိုမျိုး ဆုတောင်းမေတ္တာပို့သနေတာ တွေ့ပါတယ်။ ကျောက်သားအဖြူနဲ့ ပြုလုပ်ထားတဲ့အုတ်ဂူမှာ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အစိမ်းရောင်အဝတ်စ ဖုံးအုပ်ထားတဲ့ အာရပ်ဘာသာနဲ့ ကျောက်စာတိုင် ကမ္ပည်းစာ ၂ ခု တွေ့ရှိရပြီး ဂူအပေါ်မှာ ရောင်စုံပန်းပေါင်းများစွာ ကြဲဖြန့်ထားတာ တွေ့ရပါတယ်။ အုတ်ဂူဘေးပတ်လည်မှာလည်း အာရပ်ဘာသာနဲ့ ရေးထိုးထားတဲ့ အစိမ်းရောင် ခန်းဆီးများ လွှမ်းမိုးဝန်းရံထားပါတယ်။ ဒီဂူဗိမာန်ကို အင်္ဂလိပ်လို The tomb of Habib Noh, the Grand Saint of Singapore လို့ ရည်ညွန်းကြတာ တွေ့ပါတယ်။ 

သမိုင်းမှတ်တမ်းများ အဆိုအရ Habib Noh ကို ၁၇၈၈ မှာ အာရပ်နယ်မြေတစ်ခုဖြစ်တဲ့ Hadramaut (ယခု ယီမင်နိုင်ငံ) မှ စတင်ထွက်ခွာလာပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှတစ်ဆင့် မလေးရှားနိုင်ငံ ပီနန်ကျွန်းသို့ ဦးတည်သွားလာနေသော သင်္ဘောတစ်စင်းပေါ်တွင် မွေးဖွားခဲ့ပါတယ်။ Habib Noh ပီနန်မှာ ကြီးပြင်းခဲ့ပြီးသူဟာ စင်ကာပူအပါအဝင် မလေးကျွန်းဆွယ်မှာ အရေးပါထင်ရှား ဘာသာရေးခေါင်းဆောင် ဖြစ်လာပါတယ်။ လူတွေက Habib Noh မှာ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ ရှိတယ်လို့ ယုံကြည်ကြပြီး လူတွေ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းစေဖို့ စွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Habib Noh ဟာ အထူးသဖြင့် လိုအပ်နေတဲ့သူတွေ၊ မကျန်းမာတဲ့သူတွေနဲ့ ပတ်သက်ရင် ကြိုတင်နိမိတ်ဖတ် ဟောကိန်းထုတ်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ စင်ကာပူမှတ်တမ်းတွေ အဆိုအရ Habib Noh က ပိုက်ဆံရှိသူများထံက ပစ္စည်းဥစ္စာတွေကို ဆင်းရဲသူများထံ ခွဲဝေပေးသူဖြစ်ပြီး အသေးအဖွဲ ပြစ်မှုလေးတွေနဲ့လည်း ထောင်သွင်းအကျဉ်းချတာ ခံခဲ့ရဖူးတဲ့ အငြင်းပွားဖွယ် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ Habib Noh ဟာ အသက် ၇၈ နှစ်အရွယ် ၂၇ ရက် ဇူလိုင်လ ၁၈၆၆ မှာ စင်ကာပူကျွန်းမှာ ကွယ်လွန်ခဲ့ပြီး သူ့ဆန္ဒအတိုင်း Mount Palmer တောင်ထိပ်မှာ မြှုပ်နှံခဲ့ပါတယ်။ 

စာရေးသူတို့ Haji Muhammad Salleh ဗလီထဲက Habib Noh ရဲ့ ဂူဗိမာန်မှာ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေရိုက်ပြီး အချိန်အတော်ကြာနေခဲ့ကြပါတယ်။ ဂူဗိမာန်မှ ပြန်အထွက်မှာ အလှူခံပုံးထဲသို့ ငွေစအချို့ ထည့်ဝင်လှူဒါန်းခဲ့ပြီး အပြန်မှာ စာရေးသူ တို့ ၂ ဦး ပန်နီဆူလာက မြန်မာကုန်တိုက်မှာ နေ့လယ်စာ ဝင်စား၊ အထွေထွေ နိုင်ငံရေးကိစ္စတွေ ဆွေးနွေး၊ စာရေးသူကို ဒီလို သမိုင်းအစဉ်အလာ ကြီးမားတဲ့ မွတ်ဆလင် ယဉ်ကျေးမှု အမွေအနှစ်တွေကို လိုက်ပါ ပို့ဆောင်ပေးတဲ့ မိတ်ဆွေဖြစ်သူကို ကျေးဇူးတင်စကားဆိုရင်း တစ်နေ့တာ မလေးနဲ့ အာရပ်သင်္ချိုင်းဂူဗိမာန်များ ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ 

အဆုံးသတ်တယ်ဆိုပေမယ့် ဒီခရီးစဉ်ဇာတ်လမ်းက တကယ်တော့ အဆုံးမသတ်သေးပါဘူး။ တည်းခိုခန်းကို ပြန်အလာ ရထားထဲမှာ မလေးသင်္ချိုင်းမှာ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို iPad ကတစ်ဆင့် ပြန်ကြည့်နေမိပါတယ်။ ဘေးနားမှာ ထိုင်နေတဲ့ အမျိုးသမီးကြီးတစ်ယောက်က ပုံတွေကို မြင်သွားပြီး မလေးလို နှုတ်ဆက်ပါတယ်။ ကျွန်တော်က အင်္ဂလိပ်လို ပြန်နှုတ်ဆက်မှ မလေးမဟုတ်ဘူးလားလို့ မေးပါတယ်။ နောက် အဲဒီပုံတွေက မလေးမှာ ရိုက်ထားတာမို့လားလို့ မေးပါတယ်။ ဒါနဲ့ မဟုတ်ဘူး၊ ဒါ ဒီမနက်တင် စင်ကာပူမှာရှိတဲ့ မလေးသင်္ချိုင်းမှာ ရိုက်ထားတာဆိုတော့ ကျယ်လောင်တဲ့အံ့ဩသံကိုပြုပြီး ဘယ်နေရာလဲလို့ မေးပါတယ်။ မွတ်ဆလင်ထုံးစံ ခေါင်းစည်း ပဝါအမည်း ခြုံထားတဲ့ အမျိုးသမီးကြီးကို iPad က တစ်ဆင့် မလေးသင်္ချိုင်းကိုသွားခဲ့တဲ့ ဘတ်စ်ကားမှတ်တိုင်၊ သင်္ချိုင်းနားက HDB အဆောက်အအုံတွေကို သင်္ချိုင်းပုံတွေနဲ့ တွဲပြမှ အမျိုးသမီးကြီးက သူက မလေးပါ။ ဒီ စင်ကာပူမှာ ၁၉၄၇ မှာ မွေးပါတယ်။ အဲဒီလို သင်္ချိုင်းအဟောင်းတစ်ခု မြို့ထဲနဲ့ မလှမ်းမကမ်းမှာ ရှိမှန်းမသိဘူးဆိုပြီး ရထားခရီးစဉ်တစ်လျှောက် စကားတွေပြောလာရင်း ဘယ်မှာဆင်းမှာလဲ မေးလို့ ငါ Haw Par Villa မှာ ဆင်းမှာ၊ ပါဆာပန်ဂျန် (Pasir Panjang) မှာ နေတယ်ပြောတော့ မလေးအမျိုးသမီးကြီးက ပါဆာပန်ဂျန် မဟုတ်ဘူး၊ အဲဒါ မလေးနာမည်၊ ပါစီပန်ဂျန်လို့ခေါ်တယ်၊ ပါစီ (Pasir) ဆိုတာ Sand လို့ မလေးလို အဓိပ္ပာယ်ရပြီး ပန်ဂျန် (Panjang) ဆိုတာ Long လို့ အဓိပ္ပာယ်ရတယ်ဆိုပြီးပြောလို့ တစ်နေ့တာ မလေးနဲ့အာရပ် သင်္ချိုင်းဂူဗိမာန်များ ခရီးစဉ် အသွားရော၊ အပြန်မှာပါ မလေးယဉ်ကျေးမှု၊ မွတ်ဆလင် ယဉ်ကျေးမှုတချို့ကို လေ့လာသိရှိခဲ့ရကြောင်းပါဗျာ။ 

ခင်မင်စွာဖြင့်
အောင်အောင် (IR)
ခေတ္တ စင်ကာပူ