News

POST TYPE

EXTRA

ရန်ကုန်တိုင်း အစိုးရ၊ မီဒီယာနှင့် မေးခွန်းများစွာ
17-Oct-2018
ရန်ကုန်တိုင်းအစိုးရက Eleven media မှ သတင်းသမားသုံးဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲပြီး ထောင်ထဲချက်ချင်းပို့လိုက်သည့်သတင်းကို ဖတ်ပြီးနောက် များစွာ တုန်လှုပ်သွားခဲ့မိသည်။ မိမိမှာ မီဒီယာသမားတစ်ပိုင်း ဖြစ်သလို နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးလည်းဖြစ်နေရာ မီဒီယာလောကအတွက်ရော နိုင်ငံရေးလောကအတွက်ပါ စိုးရိမ်မိပါသည်။ ပြဿနာက မဖြစ်သင့်သော ပြဿနာ။ အထူးသဖြင့် ယခုလိုနိုင်ငံရေးအခြေအနေမျိုးတွင် ဒီလိုပြဿနာမျိုးက ပို၍ပင်မဖြစ်သင့်ပေ။ သို့ဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး ဆက်စပ်ထိခိုက်သွားနိုင်ခြေရှိသည်များကို ရှုထောင့်ပေါင်းစုံကနေ သုံးသပ်ပြီး မေးခွန်းထုတ်ဖို့ အကြောင်းဖန်လာပါတော့သည်။

ရန်ကုန်တိုင်းအစိုးရ၏ တရားစွဲခြင်းခံရသော Eleven media မှဆောင်းပါးကို ဖတ်ကြည့်တော့ ကြောင်းကျိုးမဲ့ အပုပ်ချဝေဖန်တာမျိုး မတွေ့ရ။ တိုင်းအစိုးရတစ်ဖွဲ့လုံးကိုသော်လည်းကောင်း၊ ဝန်ကြီးတစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ တိုင်းဝန်ကြီးချုပ်ကိုသော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်စော်ကားထားသည့် အသုံးအနှုန်း အရေးအသားဟူ၍ တစ်ခုတလေမျှမပါရှိ။ သတင်းဆောင်းပါးတို့ထုံးစံအတိုင်း ယုံကြည်ရလောက်သည့် ခိုင်မာမှုမျိုးရှိသော သတင်းရင်းမြစ်နှင့် အချက်အလက်များကို အားပြုရေးသားထားခြင်းသာဖြစ်သည်။ တိတိပပဆိုရလျှင် လွှတ်တော်အတွင်း တရားဝင် တင်သွင်းမေးမြန်းသောအဆိုများနှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာပါ အချက်အလက်များကို အခြေပြု ကိုးကားတင်ပြသွားခြင်းဖြစ်သည်။ သို့ဖြစ်ပါလျက် နာမည်ဆိုးဖြင့်ကျော်ကြားလှသော အာမခံမရနိုင်သည့် ၅၀၅ (ခ) လို ဥပဒေပုဒ်မမျိုးဖြင့် တရားစွဲဆိုရသည်မှာ အဘယ်ကြောင့်ပါနည်းဟု ရန်ကုန်တိုင်းအစိုးရကို အရင်ဆုံး မေးခွန်းထုတ်လိုသည်။

နိုင်ငံရေးရှုထောင့် 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ယခုလုပ်ရပ်မှာ နိုင်ငံရေးရှုထောင့်ကကြည့်လျှင် မည်သို့မျှမဖြစ်သင့်သောလုပ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိင်ငံသည် ယခုအခါ ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာက အထူးစောင့်ကြည့်ခြင်းကိုခံနေရသော နိုင်ငံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသည်ဟူသော နိုင်ငံတကာ၏ စွပ်စွဲမှုကိုခံနေရသည်။ ထို့ပြင် ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချခံရသည့်ကိစ္စနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာက ဝေဖန်ရှုတ်ချနေချိန်လည်းဖြစ်သည်။ အစိုးရခေါင်းဆောင်များ နိုင်ငံတကာသို့ ရောက်ရှိသည့်အခါတိုင်းလည်း သတင်းလွတ်လပ်ခွင့်ကိစ္စမှာ အမြဲမေးခွန်းထုတ်ခံနေရသည်။ လတ်တလော ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း သတင်းလွတ်လပ်ခွင့်ကိစ္စနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရသေးသည်။ ထိုသို့ သတင်းလွတ်လပ်ခွင့်ကိစ္စအတွက် နိုင်ငံတော်အစိုးရအပေါ်  ဖိအားပေးခံနေရသည့်အချိန်တွင် နိုင်ငံတကာက ပို၍အထင်မှားစေနိုင်သော ယခုလို မီဒီယာသမားများအပေါ် ဖမ်းဆီးတရားစွဲဆိုမှုများပြုလုပ်ခြင်းမှာ သင့်တော်ပါသလားဟု ရန်ကုန်တိုင်းအစိုးရကို မေးခွန်းထုတ်လိုပါသည်။

မီ်ဒီယာရှုထောင့်

ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် စာပေစိစစ်ရေးကို ဖျက်သိမ်းကာ မီဒီယာလောကအတွက် ဖြေလျှော့ပေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၃ မှာ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ကို ခွင့်ပြုပေးခဲ့သည်မှစ၍ ဦးသိန်းစိန်အစိုးရမှာ မီဒီယာ၏ဝေဖန်ထောက်ပြမှုများကို အပြင်းအထန် ခံခဲ့ရသည်။ သို့နှင့်တိုင် မီဒီယာသမားများအပေါ် အရေးယူမှုမှာ ယခုလက်ရှိ အစိုးရလောက်မများခဲ့ပေ။ ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲကာလမှာ လက်ရှိအနိုင်ရပါတီသည် မီဒီယာများ၏ဖေးမမှုကို အပြည့်အဝရရှိခဲ့ဖူးပါသည်။ သို့သော်လည်း မီဒီယာ၏တာဝန်မှာ အစိုးရအပါအဝင် မဏ္ဍိုင်ကြီး သုံးရပ်အပေါ် စောင့်ကြည့်ဝေဖန်ထိန်းကျောင်းရသည်ဖြစ်ရာ ဒီမိုကရက်တစ် အမူအကျင့်တို့နှင့် မယဉ်ပါးသောအုပ်ချုပ်သူအချို့ကတော့ လိုလားနှစ်ခြိုက်ခြင်းရှိကြမည်မဟုတ်ပေ။ ဝေဖန်ထောက်ပြထိန်းကျောင်းခြင်းနှင့် အပုပ်ချ တိုက်ခိုက်ခြင်းဆိုသည်မှာ ခွဲခြားရလွယ်ကူသော အပြုအမူများသာဖြစ်သော်လည်း မသိချင်ယောင်ဆောင်ပြီး ခပ်ကြမ်းကြမ်း ဥပဒေပုဒ်မဆိုးများဖြင့် ဖမ်းဆီးအရေးယူခြင်းမှာ ဒီမိုကရေစီ ယဉ်ကျေးမှုကိုဖျက်ဆီးခြင်းသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အာဏာရှင်စနစ် နောက်ပြန်လည်ခြင်းပင် ဖြစ်သည်။

မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းများသည် ယခုအစိုးရလက်ထက်တွင် သိသိသာသာ ကျဆင်းနေသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ အထူးသဖြင့်တော့ ရိုက်တာသတင်းထောက်နှစ်ဦး အမှုဆင်ဖမ်းဆီးခံရသောကိစ္စမှာ ကမ္ဘာ့အသိုင်းအဝိုင်းကြား ပြောစရာဖြစ်သွားခဲ့သည်။ သည်လိုအခြေအနေမျိုးမှာ Eleven သတင်းသမားတွေကို လုပ်ပုံလုပ်နည်း မမှန်ကန်သော အရေးယူမှုမျိုးဖြင့် ဖမ်းဆီးခဲ့သည့်အတွက် မြန်မာ့မီဒီယာလောက၏ သတင်းလွတ်လပ်ခွင့်မှာ ရေနစ်သူဝါးကူထိုးခံရသလို တစ်ပူပေါ် နှစ်ပူဆင့်ခဲ့ရလေသည်။ တကယ်ဆိုလျှင် မီဒီယာကောင်စီကို အရင်ဆုံး တိုင်ကြားပြီး ညှိနှိုင်းရမည်။ မရတော့မှ ပြဋ္ဌာန်းထားသော မီဒီယာဥပဒေများအတိုင်း ဆက်လက် အရေးယူရမှာဖြစ်သည်။ သို့သော် လုပ်စရာရှိသမျှ အဆင့်အားလုံးကိုကျော်သွားပြီး သတင်းစာတိုက်ကို ညတွင်းချင်းဝင်ဖမ်းသည့်လုပ်ရပ်က ဒီမိုကရေစီအစိုးရကို အကြီးအကျယ် ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့ပါသည်။ ယခုလုပ်ရပ်မှာ မီဒီယာလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာ ဥပဒေတို့ကို ကျော်လွန်ရာရောက်ပြီး ဒီမိုကရေစီစံနှုန်းတို့ကို လျော့ကျစေသည်ဟု စဉ်းစားသိရှိပါသလားဟု မေးခွန်းထုတ်လိုသည်။

ပါတီရှုထောင့်

ရန်ကုန်တိုင်းအစိုးရ၏ လုပ်ရပ်သည် အာဏာရပါတီ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုလမ်းကြောင်းကိုပါ ထိခိုက်နေပေသည်။ လက်ရှိအာဏာရ NLD ပါတီသည် ဒီမိုကရေစီကိုကြွေးကြော်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသူများဖြစ်သည်။ မတရားဖိနှိပ်အရေးယူမှုများကြားက ဒီမိုကရေစီအရေးအတွက် အသက်သွေးချွေးတွေ၊ ဘဝတွေကိုပေးဆပ်စွန့်လွှတ်ပြီး ဒီမိုကရေစီစနစ် ရှင်သန်ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သော ပါတီကြီးတစ်ခုဖြစ်သည်။ အဆိုပါပါတီကြီးကို ပြည်သူလူထုကလည်း ယုံကြည်အားကိုးခြင်းများစွာဖြင့် မဲပေးရွေးချယ်ခဲ့ကြသည်။သို့သော် ထိုပါတီ အာဏာရလာတော့မှ ဒီမိုကရေစီလွတ်လပ်ခွင့်နှင့် စံနှုန်းတွေကို ရှိရင်းစွဲထက်ပိုပြီး ကျဆင်းသွားစေခဲ့မည်ဆိုပါလျှင် ပြည်သူက မည်သို့သတ်မှတ်မလဲဆိုတာ စဉ်းစားဆင်ခြင်သင့်ပါသည်။ လက်ရှိပြဿနာအတွက် NLD ပါတီမှပုဂ္ဂိုလ်အချို့က စိတ်မကောင်းဖြစ်ရကြောင်း ပြောကြတာလည်း ရှိသည်။ မှန်သည်။ ရန်ကုန်တိုင်းအစိုးရ၏ ယခုလုပ်ရပ်ကြောင့် ပါတီ၏ ဒီမိုကရေစီဂုဏ်ပုဒ် ထိခိုက်ရသလို ပါတီနှင့်မီဒီယာ၏ ဆက်ဆံရေး ပျက်ပြားသွားမှာကိုလည်း စိုးရိမ်စရာရှိနေသည်။ မည်သို့ပင်ဆိုစေ ပါတီများအတွက်တော့ ရွေးကောက်ပွဲကာလတွင် မီဒီယာ၏ပံ့ပိုးမှုကို မဖြစ်မနေ လိုအပ်သည်မဟုတ်ပါလား။ နိုင်ငံရေးပါတီများမှမဟုတ်။ မဏ္ဍိုင်ကြီးသုံးရပ်လုံးသည်လည်း မီဒီယာနှင့်ကင်းနိုင်သည်မဟုတ်ပါ။ သို့ဖြစ်၍ ယခု ရန်ကုန်တိုင်းအစိုးရ၏လုပ်ရပ်ကြောင့် အစိုးရနှင့် မီဒီယာကြား၊ ပါတီနှင့်မီဒီယာကြား ဆက်ဆံရေးထိခိုက်မှု ရှိသွားနိုင်သည်ကို သိရှိစဉ်းစားခဲ့ပါသလားဟု မေးခွန်းထုတ်လိုပါသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှုထောင့်

နှစ်ငါးဆယ်ကျော်ကြာမြင့်ခဲ့သော စစ်ဘက်အုပ်ချုပ်ရေးအောက်တွင် မြန်မာနိုင်ငံကား အလုံးစုံ အောက်တန်းနောက်တန်းကျသော နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်မှာ ငါးနှစ်သက်တမ်း နှစ်ဆက်ပင် မပြည့်တတ်သေး။ နိုင်ငံတကာက အတန်အသင့်အသိပြုမှုကိုရရှိလာပြီး အကူအညီအထောက်အပံ့တွေ ရလာသည်။ ကမ္ဘာ့နိုင်ငံကြီးများ၏ အသိအမှတ်ပြုမှုနှင့် စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုတွေ ရလာသည်။ ဤသည်မှာ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ရလာသောအခွင့်အရေးများလည်းဖြစ်သည်။ သည်လိုအခြေအနေမျိုးတွင် လက်ရှိအာဏာရအစိုးရအနေနှင့် ဒီမိုကရေစီအပြောင်းအလဲကို ရှေ့ရောက်သည်ထက်ရောက်အောင် ကြိုးပမ်းနေဖို့လိုအပ်သည်။ ဒီမိုကရေစီစံနှုန်းနှင့် နိုင်ငံသားလွတ်လပ်မှု၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို ပိုမိုအားထုတ်လုပ်ဆောင်နိုင်ဖို့ အထူးလိုအပ်လှသည်။ ထိုအထဲတွင် မီဒီယာလွတ်လပ်ခွင့်လည်း အပါအဝင်ဖြစ်သည်။ နိုင်ငံတစ်ခု၏ ဒီမိုကရေစီစံနှုန်းကို တိုင်းတာရာတွင် သတင်း မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ထိရှိနေသလဲ ဆိုသည်က အဓိကကျ သောအချက်တစ်ခုဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်မှာ ရိုက်တာသတင်းထောက်နှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ကမ္ဘာ့အလယ်မှာ ဆိုးဆိုးရွားရွား ကျဆင်းခဲ့ရပါသည်။ ထိုသို့သောအခြေအနေမျိုးမှာ ယခု Eleven သတင်းသမားများကို လုပ်ထုံးလုပ်နည်းမမှန်သော အရေးယူမှုမျိုးဖြင့် ဖမ်းဆီးခဲ့သည့်အတွက် ပို၍ပင် အခြေအနေ ဆိုးရွားသွားခဲ့ရသည်။ ယခုလုပ်ရပ်ကိုမပြုလုပ်မီ ရန်ကုန်တိုင်းအစိုးရအနေနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရှုထောင့်မှ စဉ်းစားခဲ့ပါသလားဟု မေးခွန်းထုတ်လိုပါသေးသည်။

နိဂုံးဆိုရသော် ရန်ကုန်တိုင်းအစိုးရအနေနှင့် မည်သည့်ရှုထောင့်ကမှ မကြည့်ခဲ့ဘူးဆိုစေဦးတော့ အစိုးရမင်းတို့၏ မင်းကျင့်တရားဆယ်ပါးတို့၊ နာယကဂုဏ်ခြောက်ပါးတို့ဖြင့်ပင် အရင်ဆုံး တိုင်းတာတွက်ချက် ထောက်ဆသင့်သည်။ အစိုးရဆိုသည်မှာ အားအကြီးဆုံးဖြစ်သည်။ သို့အတွက် သည်းခံနိုင်မှုအတိုင်းအတာအားဖြင့် အခြားသူတို့ထက် ပိုသင့်သည်။ မီဒီယာဆိုသည်မှာလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးများအပေါ် အမြဲတစေ ဝေဖန်ထောက်ပြထိန်းကျောင်းရမည့်တာဝန်က ရှိနေသည်ဖြစ်ရာ အစိုးရအပါအဝင် အဆိုပါနယ်ပယ်များမှ ပုဂ္ဂိုလ်တို့နှင့် နောင်မှာလည်း (ဒီမိုကရေစီစနစ် ကျင့်သုံးနေသမျှတော့) ဆက်လက်၍ ထိပ်တိုက်တွေ့နေကြရဦးမည်သာဖြစ်သည်။

ထိုသို့ဝေဖန်ထောက်ပြသည့်အခါတိုင်း ဆတ်ဆတ်ခါနာပြီး ယခုလို ချက်ချင်းဖမ်းဆီး ထောင်ချအရေးယူမှုတွေ ပြုလုပ်နေဦးမည်ဆိုလျှင် ဒီနိုင်ငံ၏ဒီမိုကရေစီက မုချပျက်သုဉ်းသွားဖွယ်ရာရှိပါသည်။ သို့အတွက် ရှုထောင့်ပေါင်းစုံကို ဝေဖန်ထောက်ဆပြီး အားကြီးသူပီသစွာ ခန္တီစတရား၊ မေတ္တာတရားတို့ကို ရှေးရှုလျက် မိမိတို့လုပ်ရပ်များအပေါ် ပြန်လည်သုံးသပ်ဖို့အကြံပြုလိုပါသည်။

နိုင်ငံတော်အစိုးရအနေနှင့်လည်း ဒီမိုကရေစီပုံရိပ်ကို ပြန်လည် အဖတ်ဆည်နိုင်ဖို့ ယခုလိုကိစ္စတွေကို အထူးသတိပြုထိန်းချုပ်သင့်ပါကြောင်း လေးစားစွာ ရေးသားတင်ပြအပ်ပါပေသည်။

ဝင်းကို