News

POST TYPE

EXTRA

ပြေတီဦးနဲ့ တွေ့ဆုံခြင်း
10-Sep-2018 tagged as အနုပညာ

“ကိုယ့်ဟာကိုယ် ဘယ်လောက်ကောင်းတယ်ထင်ထင် မအောင်မြင်တဲ့ ဇာတ်ကားတွေလည်းရှိတယ်” 



နာမည်ကျော်သရုပ်ဆောင် ပြေတီဦးနဲ့ တွေ့ဆုံပြီး သရုပ်ဆောင်စိုးသူ၊ ဝတ်မှုန်ရွှေရည်တို့နဲ့ ရိုက်ကူးမယ့် “တရားလား”ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကောင်စရိုက်အကြောင်းနဲ့  ဇာတ်လမ်းရွေးချယ်မှုအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : “တရားလား”ရုပ်ရှင်မှာ ကိုစိုးသူနဲ့ တွဲဖက်ရိုက်ကူးဖြစ်သွားပုံကနေစပြီး ပြောပြပေးပါဦး။
PTO : ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူဖြစ်တဲ့ ကိုထွန်းထွန်းက ကျွန်တော်နဲ့ ညီအစ်ကိုအရင်းလို ဖြစ်နေတာပါ။ သူနဲ့ ကျွန်တော်က ဇာတ်ကားတွေလည်း ရိုက်ဖူးပါတယ်။ ဒီတစ်ခါရိုက်မယ့် ဇာတ်ကားမှာတော့ ကိုစိုးသူကိုပါ ထည့်ချင်တယ်လို့ သူကပြောတယ်။ ကိုစိုးသူ ရိုက်မယ်ဆိုရင်ကောင်းတာပေါ့လို့၊ ကိုထွန်းထွန်း ရအောင်ပြောကြည့်ပါလို့ ကျွန်တော်က ပြောလိုက်တယ်။ သူတို့ ချင်း ညှိလိုက်တော့ အဆင်ပြေသွားတာနဲ့ ဒီဇာတ်ကားလေး ရိုက်ဖြစ်တာပါ။ 

Voice : ဒီဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် ကာရိုက်တာကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
PTO : ဇာတ်လမ်းလေးကတော့ ဒရာမာပါပဲ။ ကျွန်တော့်ရဲ့ ကာရိုက်တာကတော့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားထဲမှာတော့ ကိုစိုးသူနဲ့ကျွန်တော်က တောက်လျှောက် သတ်နေရမှာပေါ့။ ရိုက်ကွင်းပေါ်မှာတော့ ကိုစိုးသူဆီကနေလည်း အများကြီး သင်ယူစရာတွေရမယ်လို့ မျှော်လင့်ပါတယ်။ ကိုစိုးသူက ကျွန်တော်တို့ထက် စီနီယာလည်းကျတယ်။ အနုပညာလောကအတွေ့အကြုံလည်း အများကြီးရှိတာဆိုတော့ သင်ယူစရာတွေ အများကြီးရှိမှာပါ။ သူ ပထမဆုံး ပြန်ရိုက်တဲ့ ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။

Voice : ကိုယ်တိုင်ရော ကိုစိုးသူ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ကြည့်ခဲ့ဖူးတာရောရှိလား။
PTO : ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို ကိုစိုးသူရိုက်ခဲ့တဲ့ဇာတ်ကားတွေကို ရုပ်မြင်သံကြားမှာ လွှင့်ခဲ့ဖူးတာတွေ ရှိတယ်လေ။ ကာလာတွေတောင် မရှိသေးဘူး။ အဖြူအမည်းခေတ်ကတည်းက အများကြီး ကြည့်ခဲ့ဖူးတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကကျတော့ တီဗီမှာလာတဲ့ဇာတ်ကားတွေပဲ စောင့်ကြည့်ရတာလေ။ တခြားဖျော်ဖြေရေးဆိုတာ ဘာမှမရှိဘူး။ အဲဒီကတည်းက ကိုစိုးသူကားတွေအများကြီး ကြည့်ဖူးတယ်။ သီချင်းတွေဆိုလည်း ကိုစိုးသူရဲ့ သီချင်းတွေ အများကြီး နားထောင်ဖူးတယ်။

Voice : “တရားလား” ဇာတ်ကားက ပေးချင်တဲ့ Message ကျတော့ရော ဘာများဖြစ်မလဲ။
PTO : ဒီဇာတ်ကားကတော့ လူ့လောကထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေအပေါ်မှာပဲ ပညာပေးတဲ့အနေနဲ့ ရိုက်ပြထားတာပါ။ လူတစ်ယောက်က ကိုယ့်ရဲ့ စိတ်ဆန္ဒရှိသလောက် ပြောဆိုလိုက်တယ်ပေါ့။ ဥပမာ - ဖေ့စ်ဘွတ်ခ်မှာပဲဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး ပြောလိုက်တာပဲ။ ဒါပေမဲ့ တချို့တွေအတွက်ကျတော့ ဘဝတစ်ခုလုံး ထိခိုက်သွားတာတွေ၊ ဘဝပျက်သွားတာတွေရှိတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်သူများတွေမှာ ဘဝကြီးတစ်ခုလုံး ထိခိုက်တဲ့အထိ ဖြစ်သွားတာ တရားရဲ့လား၊ အဲ့ဒီလိုမျိုးမဖြစ်အောင် ဘယ်လိုဆင်ခြင်သင့်လဲဆိုတာကို Message ပေးထားတာပါ။

Voice : ဆူပါတန်းဝင်မင်းသားတစ်လက်ဖြစ်ပေမယ့် ဇာတ်ကားတွေ အရိုက်ကျဲတာလည်း တွေ့ရတယ်။ အဲဒါက ဇာတ်လမ်းတွေကို စိစစ်ပြီးမှ ရိုက်နေလို့လား။
PTO : ကျွန်တော်တို့ကတော့ ကိုယ်ရိုက်ဖို့အတွက် ဖီလင်လာတဲ့ ဇာတ်လမ်းမျိုးတွေကို ရွေးပြီးတော့ ရိုက်ဖြစ်ပါတယ်။ မကြာသေးခင်က ရုံတင်သွားတဲ့ တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ ဇာတ်ကားဆိုရင် ဟာသကားလေးတွေဆိုပေမယ့် ကျွန်တော်တို့တွေ လူရော၊ စိတ်ရော အပင်ပန်းခံပြီးတော့မှ ကြိုးစားပမ်းစားနဲ့ကို ရိုက်ကူးခဲ့တာပါ။ ကျွန်တော်က လုံးဝရိုက်ချင်စိတ်မရှိတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်တော့ ငြင်းဖြစ်တယ်။ သရုပ်ဆောင်တစ်ယောက်က ဇာတ်လမ်းကို ဖတ်လိုက်တာနဲ့ ရိုက်ချင်စိတ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ချက်ချင်းသိတယ်လေ။ 

Voice : ကိုယ့်ကိုလာကမ်းလှမ်းတဲ့ ဇာတ်လမ်းတွေထဲမှာ ဘယ်လိုဇာတ်လမ်းတွေဆို ငြင်းဖြစ်လဲ။
PTO : တစ်ခါတစ်ခါကျတော့ ဇာတ်လမ်းကြီးက အဓိပ္ပာယ်မရှိဘူး။ အတင်းတွေ ဇာတ်လမ်းဖြစ်အောင် လုပ်ယူထားတာမျိုးတွေလည်းရှိတယ်။ အဲဒီလိုဇာတ်တွေကျတော့ ကျွန်တော်တို့ မရိုက်ချင်ဘူး။ ဇာတ်လမ်းဆိုတဲ့ သဘောတရားက ဟာသပဲဖြစ်ဖြစ်၊ ဒရာမာပဲဖြစ်ဖြစ်၊ အကျိုးအကြောင်းညီညွတ်ရမယ်၊ ဆီလျော်ရမယ်။ ဒီအကြောင်းကြောင်းကြောင့်၊ ဒီအကျိုးဖြစ်တယ်ဆိုတာကို ပြနိုင်ရမှာပေါ့။ ကိုယ်လုပ်ချင်တာကြီးပဲ လုပ်လို့မရဘူးပေါ့။ အဲဒီလို သဘောတရားတွေအပေါ်မှာ မူတည်ပြီးရိုက်မယ့် ဇာတ်လမ်းတွေကို ရွေးဖြစ်တယ်။

Voice : နာမည်ကြီးမင်းသားတစ်ယောက်လည်း ပြောဖူးတာရှိတယ်။ သူ့ ဇာတ်ကား Press Show ပြတဲ့အခါ ရုံထဲကို ခေါင်းမော့ပြီး ဝင်သွားနိုင်တဲ့ ဇာတ်ကားမျိုးပဲ နောက်ပိုင်းရိုက်ဖြစ်တယ်တဲ့။ ကိုယ်တိုင်ရော ဘယ်လိုခံယူချက်ရှိလဲ။
PTO : ကိုယ့်ဇာတ်ကား Press Show တိုင်းကို ခေါင်းမော့ပြီးတော့ ဝင်နိုင်ရင်အကောင်းဆုံးပေါ့။ ဒါကအမှန်ဆုံးဆုံးဖြတ်ချက်ပါပဲ။ ဘယ်သူမဆိုလည်း ဒီလိုပဲဖြစ်သင့်တာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အနုပညာဆိုတာက ပြောရခက်ပါတယ်။ တစ်ခါတစ်ခါကျတော့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်မယ်ထင်ပြီး ဖန်တီးခဲ့တဲ့ဇာတ်ကားတွေက ထွက်လာတဲ့အခါကျတော့ ပရိသတ်မကြိုက်တာမျိုးတွေလည်း ဖြစ်နေတတ်တယ်။ ကိုယ့်ဟာကိုယ် ဘယ်လောက်ကောင်းတယ်ထင်ထင် မအောင်မြင်တဲ့ ဇာတ်ကားတွေလည်းရှိတယ်။ တစ်ခါတလေကျတော့ ကိုယ်တိုင်မကြိုက်ပါဘူး၊ အားမရဘူးဆိုတဲ့ကားတွေက အောင်မြင်သွားတာတွေလည်းရှိတော့ ပြောရခက်ပါတယ်။ တစ်နဲ့တစ်ပေါင်းရင် နှစ်ရမယ်လို့ ပြောလို့ရတဲ့အထဲမှာ ကျွန်တော်တို့ အနုပညာမပါပါဘူး။ 

သန့်ဇင်ဦး