News

POST TYPE

EXTRA

ပါတီများ၏ သမားရိုးကျ ဖြစ်စဉ်အကြားက NLD အဖွဲ့ချုပ်၏ ရှေ့ခရီးအလားအလာ
05-Sep-2018

စက်တင်ဘာလ ၁ ရက်နေ့က NLD အဖွဲ့ချုပ်ကနေ သူ့ပါတီဝင်နှစ်ဦးဖြစ်တဲ့ ဒဂုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်နဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို ပါတီတာဝန်ပေးထားမှုများကနေ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တဲ့သတင်းဟာ လူထုအကြားမှာ အတော် စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ 

ဒီလိုအမိန့်ထုတ်တာဟာ ပါတီကနေ ထုတ်ပယ်လိုက်တာမျိုးမဟုတ်ဘဲ ပါတီကနေ တာဝန်ပေးထားတာတွေကိုသာ ရုပ်သိမ်းတာသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကိုတော့ ပြီးခဲ့တဲ့ဩဂုတ်လ ၂၅ ရက်နေ့ကလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီအပေါ် ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ အဓိကကတော့ ဗဟိုကချမှတ်ထားတဲ့မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကို ပါတီဝင်တိုင်း လိုက်နာရကြောင်း၊ အခုက ပါတီစည်းကမ်းကို မလိုက်နာလို့ဖြစ်ကြောင်း၊ ပါတီအတွင်းစည်းမှာ သဘောထားလွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြောင်းနဲ့ ဒီအပေါ် ပါတီတာဝန်ရှိသူတွေကို ကိုယ်တိုင်လာပြီး စာနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ကန့်ကွက်ပြောဆို ငြင်းခုံလို့ရကြောင်း၊ ဒါပေမဲ့ အများလက်ခံထားတဲ့ပါတီမူဝါဒတွေ ဖြစ်သွားပြီဆိုရင်တော့ ဒါတွေ့နဲ့ဆန့်ကျင် လုပ်ကိုင်ပြောဆိုနေလို့မရကြောင်း၊ ပါတီဝင်တစ်ဦးဟာ မိမိရဲ့အယူအဆမှန်ကန်တယ်လို့ တစ်ဖက်သတ်ယူဆပြီးတော့ ပါတီမူဝါဒနဲ့ကွဲလွဲစွာ ပြောဆိုလုပ်ကိုင်နေတယ်ဆိုရင် ပါတီအတွင်းမှာ စည်းလုံးညီညွတ်မှု ပြိုကွဲသွားနိုင်ကြောင်း၊ ဒါ့ကြောင့် ပါတီစည်းကမ်းထိန်းသိမ်းရေးအရ ပြစ်ဒဏ်ချမှတ်ရကြောင်းနဲ့ ဒီလိုချမှတ်လိုက်ပြီဆိုရင် သူ့ကိုပေးထားတဲ့ပါတီရဲ့တာဝန်တွေ ရပ်ဆိုင်းသွားကြောင်း၊ ဒါပေမဲ့ ပါတီဝင်တစ်ဦးအဖြစ်နဲ့တော့ ဆက်လက်ရှိနေပြီး သူ့အနေနဲ့ လုပ်ငန်းတာဝန်တွေကို စွမ်းစွမ်းတမံ ပြန်လည်ထမ်းဆောင် မယ်ဆိုရင်တော့ နောင်တစ်ချိန် ပါတီတာဝန်တွေပြန်လည်ပေးအပ်လို့ရကြောင်း၊ ခုလောလောဆယ်မှာတော့ ပါတီတွင်းစည်းကမ်းထိန်းသိမ်းတဲ့အနေနဲ့ ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စအပေါ် လူထုက စိတ်ဝင်တစားရှိတာမှန်ပေမယ့်လည်း အမှန်တကယ်တော့ ဒီလိုကိစ္စမျိုးဆိုတာ နိုင်ငံရေးပါတီအတွင်းတစ်ခုမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ သမားရိုးကျဖြစ်စဉ်တစ်ခုထက် မပိုပါဘူး။ ရှေးယခင် နိုင်ငံလွတ်လပ်ရေးရပြီးခါစကတည်းက ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးပါတီတွေအသီးသီးမှာလည်း ဒီလိုဖြစ်စဉ်တွေရှိခဲ့ဖူးပါတယ်။ နိုင်ငံရေးပါတီတွေရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဖဆပလပါတီကြီးအတွင်းမှာတောင် သန့်ရှင်းနဲ့တည်မြဲဆိုပြီး နှစ်ခြမ်းကွဲခဲ့ကြဖူးသလို နောက်ပိုင်း အထင်ကရပါတီကြီးတွေဖြစ်တဲ့ မဆလပါတီ၊ ပြည်ခိုင်ဖြိုးပါတီကြီးတွေ အထဲမှာလည်း ရှိခဲ့ကြပါတယ်။ ဒါဆိုရင် သူတို့ပါတီကြီးတွေအတွင်းမှာ ဖြစ်ပေါ်လေ့ ဖြစ်ပေါ်ထရှိတဲ့ ကွဲပြဲကြတဲ့ကိစ္စ၊ အခုလိုတာဝန်ကအနားပေးကြတဲ့ ကိစ္စတွေဟာ ဖြစ်ရိုးဖြစ်စဉ်မို့ လူထုက စိတ်မဝင်စားဘဲနေလို့မရကြဘူးလားဆိုတော့ ဒီလိုလည်း မဟုတ်သေးပါဘူး။

ကျွန်တော်တို့ပြည်သူတွေဆိုတာ နိုင်ငံရေးပါတီကြီးတွေရဲ့ နိုင်ငံတော်ကိုဦးဆောင်မှုအောက်မှာ နောက်ကနေလိုက်ပါနေကြရသူတွေမို့ ဒီနိုင်ငံရေးပါတီတွေရဲ့ အခြေအနေတွေ၊ သူတို့အတွင်းမှာဖြစ်ပျက်နေတဲ့ ကိစ္စတွေ၊ သူတို့ရဲ့ပါတီမူဝါဒတွေ၊ ပါတီစည်းကမ်းတွေ၊ ပါတီရဲ့ရှေးအလားအလာတွေကိုလည်း မျက်ခြည်မပြတ် သိရှိလေ့လာနေကြဖို့လိုပါတယ်။ အခုလို ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ ခေတ်ကာလအချိန်မျိုးမှာဆို ပိုလို့တောင် လိုပါသေးတယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ ယခင်ကလို တစ်ပါတီစနစ်ဆိုရင်တော့လည်း သူ့ပါတီမကောင်းတာ၊ ကောင်းတာ အပထားလို့ သူကပဲ ကောင်းကောင်းဆိုးဆိုး ပြည်သူကလည်း ရွေးစရာအခြားပါတီမရှိတာမို့ သူ့ကိုပဲမဲပေးပြီး သူ့ဘာသာဆက်သွားလို့ရနိုင်ပေမယ့် အခုလို ပါတီစုံဒီမိုကရေစီခေတ်မှာတော့ ပါတီတစ်ခုချင်းစီရဲ့ အရည်အချင်း၊ စည်းလုံးမှု၊ လူထုကိုဦးဆောင်နိုင်မှု၊ နိုင်ငံတော်ကိုမြှင့်တင်နိုင်မှု စတဲ့ စတဲ့ အရည်အသွေးတွေကို လေ့လာအကဲဖြတ်နေတတ်ကြဖို့ လိုလာပါတယ်။

ဒီအတွက်ပဲ သူတို့ပါတီတွင်းက ပြဿနာလို့ပဲဆိုဆို၊ မူဝါဒစည်းကမ်းတွေအရ ဆောင်ရွက်နေကြတယ်လို့ပဲပြောပြော ကျွန်တော်တို့ကတော့ ကျွန်တော်တို့နဲ့မဆိုင်သလိုနေလို့မရဘဲ စောင့်ကြည့်လေ့လာအကဲခတ်နေကြရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယခုလက်ရှိနိုင်ငံမှာကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရဆိုရင် ပါတီစုံစနစ်ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲစနစ်နဲ့သွားနေတာ ဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲစနစ်နဲ့သွားတဲ့နေရာမှာလည်း ကျင့်သုံးနေတဲ့ နိုင်သူအကုန်ယူဆိုတဲ့ (First Past The Post- FPTP) ရွေးကောက်ပွဲစနစ်ကြောင့် အနိုင်ရတဲ့ ပါတီကြီးတစ်ခုကပဲ နိုင်ငံတော်ရဲ့အာဏာကိုရယူပြီး မဏ္ဍိုင်ကြီးသုံးရပ်ကို ဦးဆောင်ခွင့်ရသွားနေတာ ဖြစ်ပါတယ်။ ဒီအတွက် လွှတ်တော်အတွင်း မဲခွဲကြတဲ့နေရာမျိုး၊ အခြားနိုင်ငံရေးရာကိစ္စတွေကို ဆောင်ရွက်ကြတဲ့နေရာမျိုးမှာတော့ နောက်ဆုံးတော့လည်း တစ်ပါတီအာဏာရှင်စနစ်မျိုးလိုသာ ပြန်ပြန်ရောက်ရောက်သွားတတ်တာကိုလည်း နိုင်ငံ့အရေးလေ့လာသူတွေက ထောက်ပြထားတာလည်း သိပြီးဖြစ်ကြမှာပါ။ ကျန်တဲ့ပါတီတွေကတော့ အတိုက်အခံပါတီအမည်ခံပြီးတော့သာ အစိုးရအဖွဲ့ထဲမှာ ပါဝင်ခွင့်မရတော့ဘဲ ဖြစ်သွားတတ်ပါတယ်။ တစ်ပါတီတည်းကပဲ အာဏာရရှိသွားတော့တာမို့ သူ့ပါတီအတွင်းမှာလည်း သူ့ပါတီအတွက် သူကပဲ ပြန်လည်ပြီး စိတ်ကြိုက်ဦးဆောင်ခွင့် ရရှိတတ်ကြပြန်ပါတယ်။

ဒီအတွက် ကျွန်တော်တို့ပြည်သူတွေကလည်း နိုင်ငံရေးပါတီတွေအကြောင်း သိဖို့လိုလာပါတယ်။ NLD အဖွဲ့ချုပ်ကို ပြန်ကြည့်မယ်ဆိုရင် အခုအချိန်မှာ သူဟာ အာဏာရပါတီကြီးတစ်ခု ဖြစ်ပါတယ်။ သူ့ပါတီရဲ့ သက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၃၀ တိတိရှိလာခဲ့ပြီး သူ့ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲ့ဒီနှစ်အောက်တိုဘာလ ၃၀ ရက်နေ့မှာပဲ ပါတီစုံအထွေထွေရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အမှန်ဆိုရင် သူ့ပါတီအတွင်းမှာလည်း အဲ့ဒီကတည်းက ပါတီအတွင်းမှာလည်း ခေါင်းဆောင်ပိုင်းအငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။ ဦးအောင်ကြီးဦးဆောင်တဲ့ ပြည်တွင်းက နိုင်ငံရေးသမားဟောင်းတွေအဖွဲ့၊ သူရဦးတင်ဦး ဦးဆောင်တဲ့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တတ်သိပညာရှင်များအဖွဲ့ဆိုတဲ့ ဒီသုံးဖွဲ့နဲ့ပေါင်းပြီး ဦးအောင်ကြီးက အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးတဲ့နောက်၊ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အရောက်မှာတော့ ဦးအောင်ကြီးဦးဆောင်တဲ့အဖွဲ့ကို အဖွဲ့ချုပ်အတွင်းက ထုတ်ပယ်ခဲ့ပြီး သူရဦးတင်ဦးက ဥက္ကဋ္ဌနေရာယူခဲ့တာ တွေ့ရပါတယ်။ ၁၉၉၀ ခုနှစ် မေလ ၃၀ ရက်နေ့မှာပြုလုပ်တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ NLD အဖွဲ့ချုပ်က အနိုင်ရပြီးချိန် နဝတအစိုးရရဲ့ ၁/၉၀ ကြေညာချက်နဲ့ရင်ဆိုင်ခဲ့ရချိန်မှာ ၁၉၉၁ ခုနှစ် မတ်လ၂၆ မှာတော့ ဦးအောင်ရွှေက ဥက္ကဋ္ဌ၊ ဦးလွင်က အတွင်းရေးမှူးနဲ့ ပြန်ဖွဲ့စည်းခဲ့ရပြန်ပါတယ်။ ဒီနောက် ၁၉၉၅ ခုနှစ် အောက်တိုဘာ ၉ ရက်မှာလည်း သူရဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်အကျယ်ချုပ်ကလွှတ်ချိန်မှာ တစ်ဖန်ပြန်ဖွဲ့တာ တွေ့ရပါတယ်။ 

ဒီလိုနဲ့ ၂၀၁၀ ခုနှစ်အရောက် အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်ခါနီးအချိန်မှာတော့ သူတို့အဖွဲ့ချုပ်အတွင်းမှာ ပါတီမှတ်ပုံတင်ရေးကိစ္စ၊ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကိစ္စတွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံမှ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့ ဦးဆောင်သူအချို့ဟာ အဲ့တုန်းက ဗဟိုဦးစီးအဖွဲ့ရဲ့မူဖြစ်တဲ့ ရွေးကောက်ပွဲမဝင်ရေး ဆိုတဲ့မူကို ဆန့်ကျင်ပြီး အဖွဲ့ချုပ်ကခွဲထွက်ကာ သီးခြားပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာ မြင်ခဲ့ရပါတယ်။ ဒီနောက်မှာတော့၂၀၁၁ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာပြင်ဆင်ပေးခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေအရ သူတို့ဟာ၂၀၁၂ မှာကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မတ်လမှာတော့ နိုင်ငံလုံးဆိုင်ရာညီလာခံကို ပထမအကြိမ် ရန်ကုန်မှာကျင်းပခဲ့တာ လေ့လာတွေ့ရှိရပါတယ်။ ဒီညီလာခံကနေပြီး ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဦးဝင်းထိန်အပါ ၅ ဦးကို ခန့်အပ်ခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။

၂၀၁၈ မတ်လမှာတော့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာ မျိုးညွှန့်တို့ကို အဖွဲ့ချုပ်ရဲ့ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဦးဝင်းမြင့်က ဒုဥက္ကဋ္ဌ (၁) နဲ့ ဒေါက်တာဇော်မြင့်မောင်က ဒုဥက္ကဋ္ဌ (၂) အဖြစ် ပါဝင်လာခဲ့ပါတယ်။ ၂၀၁၈ ဇွန် ၂၃ မှာ အဖွဲ့ချုပ်ရဲ့ ဒုအကြိမ်ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံကိုကျင်းပခဲ့ပြီး ထိုညီလာခံကိုတော့ တစ်နိုင်ငံလုံးမှ အများမဲဆန္ဒနဲ့ရွေးတဲ့ ကိုယ်စားလှယ် ၁၂၀၀ ခန့်တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီညီလာခံကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အချိုးကျထပ်တိုးဗဟိုကော်မတီဝင်များနဲ့ အရန်ဗဟိုကော်မတီဝင်များကို ရွေးချယ်ခန့်အပ်ခဲ့ကြတယ်လို့ သတင်းတွေမှာ မြင်ခဲ့ရပါတယ်။

ဒီအတွက် ချုပ်ပြီး ခြုံငုံကြည့်လိုက်မယ်ဆိုရင် NLD အဖွဲ့ချုပ်အတွင်းမှာကို ခေါင်းဆောင်ပိုင်းဆိုင်ရာ အငြင်းပွားမှုကြောင့် တစ်ကြိမ်နဲ့ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုကြောင့်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် အထက်ပိုင်းမှာ ကွဲပြဲခဲ့ဖူးတာ မြင်ကြရမှာပါ။ ဒီအတွက်ပဲ ဒီအချိန်မှာတော့ သူတို့ရဲ့ ယခင်အတိတ်ကသမိုင်းကိုယူပြီး နောက်ထပ်အကွဲအပြဲတွေ၊ ပါတီအတွင်း စည်းလုံးမှုပြိုကွဲစေမယ့်အရေးတွေကို သူတို့အဖြစ်မခံတော့ဘဲ သတိကြီးစွာထားပြီး ဆောင်ရွက်နေကြချိန်လို့လည်း ပြောလို့ရနိုင်သလို တစ်ဖက်မှာလည်း အခြားခေတ်အဆက်ဆက်က နိုင်ငံကိုဦးဆောင်ခဲ့တဲ့ ပါတီကြီးတွေရဲ့သမိုင်းကိုလည်း သူတို့ဆင်ခြင်ပြီး ဦးဆောင်နေကြချိန်လို့လည်း ပြောလို့ရနိုင်ပါတယ်။

ဒီနေရာမှာ အဓိကအကျဆုံးအချက်ကလည်း ရှိပါသေးတယ်။ ဒါကတော့ လာမယ့် ၂၀၂၀ နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပလာတော့မယ့် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲအတွက်လည်း သူတို့တစ်ကျော့ပြန် စိုင်းပြင်းလာနေချိန်ဖြစ်ပါတယ်။ ဒီအတွက်လည်း သူတို့အာဏာရပါတီအနေနဲ့ ဒီလိုပါတီအတွင်းကပြဿနာတွေကိုအခြေခံပြီး ပြည်သူအကြားမှာ သူ့အပေါ် ယုံကြည်မှုလျော့ကျသွားစေမယ့်အဖြစ်မျိုးကို သူတို့အနေနဲ့ ကြိုးစားထိန်းချုပ်နေကြတာ မြင်ရမှာလည်းဖြစ်ပါတယ်။

ဒီအတွက် အထက်မှာဖော်ပြခဲ့သမျှအပေါ် ပြန်ချုပ်ကြည့်လိုက်မယ် ဆိုရင် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ နိုင်ငံ့အာဏာကိုရယူပြီး ပြည်သူ့အကျိုးကို ရေရှည်ဖော်ဆောင်ဖို့အတွက်ဆိုရင် သူတို့ပါတီတစ်ခုတည်းကပဲ ကောင်းနေရုံ၊ သူတို့ပါတီအတွင်းမှာပဲ ရှင်းသန့်နေရုံနဲ့မပြီးသလို ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကလည်း အဓိကအလိုအပ်ဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒီအတွက် သူတို့ရဲ့ပါတီတွင်းကစည်းကမ်းတွေ၊ မူဝါဒတွေ၊ အမိန့်တွေ၊ ပြုမူဆောင်ရွက်မှုတွေမှန်သမျှ ညီမျှမှုရှိတယ်၊ ညီမျှမှုမရှိဘူး၊ ဘက်လိုက်မှုရှိတယ်၊ မရှိဘူး၊ အာဏာရှင်ဆန်တယ်၊ မဆန်ဘူး၊ မူဝါဒတွေ အံမဝင်ခွင်မကျ လွဲချော်နေတယ်၊ မချော်ဘူးဆိုတာ သူတို့ပါတီအတွင်းက ပေတံနဲ့ပဲ ပြန်တိုင်းတာလို့မရကြသလို ပြင်ပလူထုအကြားမှာရှိတဲ့သူတွေ၊ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေ အခြေအနေတွေအားလုံးအပေါ်မှာကိုပဲ လူထုက ပြန်လည်ကောက်ချက်ချ သုံးသပ်ပေးကြရလေ့ရှိပါတယ်။ သူတို့ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာလည်း သူတို့ရဲ့လုပ်ဆောင်ချက်အဖြေ (Result Page) တွေကပဲ အချိန်တစ်ခုအတွင်းမှာ အဆုံးအဖြတ်ပြသသွားလေ့ ထုံးစံရှိပါတယ်။

ဒီအတွက်ပဲ ပါတီတွေနဲ့ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့ထံက ထောက်ခံမှုရချင်တယ်၊ ယုံကြည်မှုကို လိုချင်ကြတယ်ဆိုရင်ဖြင့် အပြောတွေလျှော့ပြီး အလုပ်တွေနဲ့သက်သေပြကြပါ။ ယနေ့နိုင်ငံအတွင်းမှာ ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းတွေကို စည်းလုံးမှုနဲ့ပေါင်းစည်းပြီး ကျော်လွှားပြသပေးကြပါ၊ ဒါမှသာ လာမယ့် ၂၀၂၀ အတွက် ပြည်သူတွေ ရင်ဘတ်အသည်းကြားထဲကလာတဲ့ မဲတစ်ပြားဟာ ပါတီတစ်ခုက ကိုယ်စားလှယ်တစ်ယောက်အတွက် ထိုက်ထိုက်တန်တန် ရောက်ရှိလာပါလိမ့်မယ်။ ဒါမှသာ ဒီကိုယ်စားလှယ်တွေပေါင်းစုထားတဲ့ ပါတီတစ်ခုဟာလည်း မဲအသာစီးနဲ့ အစိုးရတစ်ရပ်ဖွဲ့နိုင်လို့ နိုင်ငံ့အာဏာကို ပြန်လည်ရကြမှာ ဖြစ်ပါတယ်လို့ ပြောကြားရင် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပါတယ်။

အောင်ဇေယျ