News

POST TYPE

EXTRA

ရခိုင်ပြည်နယ်အရေး ကုလအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီတွင် ပြောကြားချက်မိန့်ခွန်း အပြည့်အစုံ
30-Aug-2018
ရခိုင်ပြည်နယ်အရေး ကုလအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီတွင် ပြောကြားချက်မိန့်ခွန်း အပြည့်အစုံ

(နယူးယောက်၊ ဩဂုတ်လ ၂၈ ရက်၊ ၂၀၁၈)

(မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခနှင့် ဒုက္ခသည်များအရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ The Voice Daily သတင်းစာ ပရိသတ်များအနေနှင့် မြန်မာနိုင်ငံအပေါ် ကျရောက်လျက်ရှိသော နိုင်ငံတကာဖိအားများကို အမြင်ရှုထောင့်အသီးသီးမှ သုံးသပ်နိုင်စေခြင်းငှာ အဆိုပါမိန့်ခွန်းကို ဘာသာပြန်ဖော်ပြလိုက်ပါသည်။ မိန့်ခွန်းပါစာသားများသည် The Voice Daily ၏ အာဘော်မဟုတ်ဘဲ မူရင်းအဖွဲ့အစည်း၏ အာဘော်သာဖြစ်ပြီး အတိအကျ ဘာသာပြန်ဖော်ပြလိုက်ပါသည်)

ယနေ့ စိတ်လက်မချမ်းသာစွာနဲ့ သင်တို့ဆီကို ကျွန်တော်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တစ်နှစ်က ဧရာမဒုက္ခသည် အရေးပေါ် အခြေအနေကြီး စတင်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့လက ကျွန်တော်ဟာ ဘင်္ဂလားဒေ့ရှ် ကောက်ဘဇားကို သွားခဲ့ပြီး စိုးရွံ့စရာ နှိပ်ကွပ်မှုနဲ့ အတိဒုက္ခ ဇာတ်လမ်းတွေကို ကြားခဲ့ရပါတယ်။ ဖခင်တစ်ဦးဟာ သူ့သားကို သူ့ရှေ့တင် ဘယ်လိုပစ်သတ်ခဲ့တယ်ဆိုတာကို ပြောပြရင်း ငိုကြွေးခဲ့ပါတယ်။ မိခင်လည်း အသတ်ခံခဲ့ရပြီး သူတို့အိမ်လည်း ပြာကျသွားခဲ့ပါတယ်။ ဗလီထဲဝင်ပုန်းနေခဲ့ရာက စစ်သားတွေက ရှာတွေ့သွားပြီး သူ့ကိုလည်း နှိပ်စက်ကလူပြုခဲ့ပြီး ဘာသာရေးကျမ်းစာအုပ်ကိုလည်း မီးရှို့ပစ်ခဲ့ပါသတဲ့။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေလည်း အဲဒီဒေသဘက်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားခဲ့ကြပြီးဖြစ်လို့ အလားတူကြောက်စရာအဖြစ် အပျက်တွေအကြောင်းကို ကြားခဲ့ပြီးဖြစ်တယ်လို့ ကျွန်တော် သိပါတယ်။ မေလ ၉ ရက်နေ့က သင်တို့ရဲ့ သတင်းမီဒီယာ ထုတ်ပြန်ချက်မှာ သင်တို့ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးကြားမှာ ရောက်နေခဲ့ပြီး လက်ရှိအခြေအနေကြောင့် အလွန်စိုးရိမ်ကြတယ်ဆိုတာကို မီးမောင်းထိုး ဖော်ပြခဲ့ကြပါပြီ။

၂၀၁၇ နိုဝင်ဘာ ၆ ရက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌကြေညာချက်မှာလည်း ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း သင်တို့ ထပ်လောင်းပြောခဲ့ပြီးပါပြီ။ မြန်မာ့လုံခြုံရေးတပ်များ အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ အထူးသဖြင့် ရိုဟင်ဂျာအသိုင်းအဝိုင်း (အတွင်းရေးမှူးချုပ်၏ အသုံးအနှုန်းဖြစ်ပြီး ရှေ့ဆက် ဘာသာပြန်ရာတွင် မူရင်းအတိုင်းပင် ရေးသားသွားပါမည်)က လူတွေကို ကျူးလွန်မှုများအတွက် အလွန်စိုးရိမ်မိကြောင်း သင်တို့ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်က လုံခြုံရေးတပ်တွေကို အစွန်းရောက်တွေက တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ကျွန်တော်ချက်ချင်း ရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေကို မမျှမတကြီး အင်အားသုံးတာ၊ မြန်မာ့လုံခြုံရေးတပ်တွေနဲ့ ၎င်းတို့ရဲ့ ဘက်တော်သားတွေက လူ့အခွင့်အရေးချိုးဖောက်တာတွေကို လုပ်သင့်တယ်လို့ မယူဆနိုင်ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကျပ်အတည်း ဖြစ်စဉ်မျိုး နောက်ထပ် မပေါက်ကွဲရလေအောင် ကာကွယ်ဖို့အတွက် အားထုတ်ကြိုးပမ်းကြဖို့ တိုက်တွန်းချက်ကို ဒီကောင်စီထံ ကျွန်တော် တရားဝင် စာပေးပို့ခဲ့ပါတယ်။ မြန်မာအာဏာပိုင်များ၊ ကုလသမဂ္ဂစနစ်အရ မြေပြင်မှာရှိတဲ့ အဖွဲ့အစည်းများနဲ့ ကျွန်တော်ဟာ တိုက်ရိုက်ပြောဆိုခဲ့ပြီးနောက်မှာ လူသားချင်း စာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများနဲ့စပ်လျဉ်းပြီး ကျွန်တော့် စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထပ်မံဆိုးရွားယိုယွင်းလာမယ့် အန္တရာယ်ကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။

သင်တို့သိကြသည့်အတိုင်း ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်း မူဝါဒတစ်ရပ်နဲ့ (မြန်မာ) အစိုးရဘက်က အပြုသဘောဆောင်တဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ ရှိလာစေရေး တိုက်တွန်းဖို့၊ ရပ်ရွာများအကြား တင်းမာမှုများကို လျှော့ချပေးဖို့၊ ယုံကြည်မှု တည်ဆောက်ဖို့ စုပေါင်းလက်တွေ့ဆောင်ရွက်ချက် ဖော်ဆောင်စေရေး ကျွန်တော် လုပ်ဆောင်လျက်ရှိပါတယ်။ ဧပြီလမှာပဲ ခရစ္စတင်း ရှရန်နာ ဘာဂင်နာကို မြန်မာ့အရေး ကျွန်တော့်ရဲ့ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အစိုးရ၊ စစ်တပ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အမျိုးသမီးအစုအဖွဲ့များ အပါအဝင် ကျယ်ပြန့်တဲ့ နှီးနှောဖလှယ်ရေး လုပ်ငန်းစဉ်တစ်ရပ်ကို သူမဟာ ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ သူမကို အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်ချက်များအတွက် လုံခြုံရေးကောင်စီက ထောက်ခံအားပေးခဲ့တဲ့အပေါ် ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ရှိပါတယ်။ ဇွန်လမှာပဲ UNHCR, UNDP နဲ့ မြန်မာအာဏာပိုင်များဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒုက္ခသည်များ မိမိသဘောနဲ့ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ ရေရှည်တည်တံ့တဲ့ ပြန်လာနိုင်ရေး အခြေအနေများ ဖန်တီးဖို့ ပူးပေါင်းဆောင်ရွက်ရန်အတွက် လုပ်ငန်းမူဘောင်တည်ထောင်တဲ့ နားလည်မှုစာချွန်လွှာကို အပြီးသတ်နိုင်ခဲ့ပါတယ်။ MOU ဟာ ရခိုင်ပြည်နယ်အတွင်းက အသိုင်းအဝိုင်း အားလုံးအတွက် တိုးတက်ပြီး အားကောင်းတဲ့ သက်မွေးဝမ်းကျောင်းမှုကို ဖန်တီးနိုင်ဖို့ ကူညီလိုရင်း ဖြစ်ပါတယ်။ ဒါတွေလုပ်ဖို့ရာ ထည့်ဝင်ရင်းနှီးရမယ့် အရာတွေများစွာ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသများထဲက တစ်ခုဖြစ်တဲ့ အဆိုပါရပ်ရွာများကို ပြန်လည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်ခြင်းသာမက၊ ပြန်လည်သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေးကို လေးစားရေးတို့ပါ ပါဝင်မှာဖြစ်ပါတယ်။ ဆိုခဲ့ပါ ထည့်ဝင်ဆောင်ရွက်ခြင်းအတွက် အားသွန်ခွန်စိုက်ခြင်းမျိုးကို ကျွန်တော် မတွေ့ရသေးပါဘူး။ ရိုဟင်ဂျာဒုက္ခသည်များ သူတို့ရဲ့ ဌာနေကို လုံခြုံစွာ၊ မိမိတို့ သဘောအတိုင်း၊ ဂုဏ်သိက္ခာရှိစွာ၊ ရေရှည်သဘောဆောင်ပြီး ပြန်လာနိုင်ဖို့အတွက် အခြေအနေတွေက မပြည့်စုံသေးဘူးဆိုတာ ရှင်းလင်းပါတယ်။

မြန်မာ့အာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဖို့၊ အကူအညီပေးရေး အေဂျင်စီများ အဖွဲ့ အစည်းများ မဆိုင်းမတွ၊ ကန့်သတ်ခြင်းမရှိ ထိရောက်စွာ လုပ်ငန်းဆောင်ရွက်နိုင်စေဖို့ တိုက်တွန်းရာမှာ ပါဝင်ပေးကြပါလို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ကျွန်တော် တောင်းဆိုပါတယ်။ အဆိုပါ လူသားဖြစ်ရပ်ဆိုးကို သတင်းလိုက်ရင်း ဖမ်းဆီးခြင်းခံထားရတဲ့ ဂျာနယ်လစ်များကိုလည်း လွှတ်ပေးဖို့ ကျွန်တော်တို့ ဆက်လက်တောင်းဆိုပါတယ်။ ပမာဏကြီးမားလှတဲ့ လိုအပ်ချက်များကို ပြည့်မီဖို့အတွက် ဝင်ရောက် ဆောင်ရွက်ခွင့်ရဖို့နဲ့ နေရပ်ကို ပြန်ချင်တဲ့ ဒုက္ခသည်တွေရဲ့ ကြောက်ရွံ့မှုကို လျော့ပါးအောင် လုပ်ပေးဖို့က အလွန်အရေးကြီးပါတယ်။ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ရခိုင်ပြည်ထဲမှာရှိနေတဲ့ ပြည်သူတွေအတွက် ၎င်းတို့ လိုအပ်ချက်တွေကို အခြေခံထားတဲ့ ရေတိုစီမံချက်တွေ နှီးနှောဖလှယ် ပြင်ဆင်ဖို့အတွက် ဆောင်ရွက်နိုင်ပါမယ်။ ရခိုင်ပြည်ထဲမှာ ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာများဟာ ဘေးဖယ်ထုတ်ခံရခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ကို ဆက်လက်ကြုံတွေ့နေရပါတယ်။ အတော်များများဟာ အသက်ဆက်ရေး လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနဲ့ အဆက်ပြတ်နေပါတယ်။ ရိုဟင်ဂျာ တစ်သိန်းသုံးသောင်းဟာ စခန်းတွေမှာ ပိတ်ထားခံရပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ခံထားရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဖို့စတဲ့ အခြားလိုအပ်ချက်များကို မရနိုင်ဖြစ်နေပါ တယ်။ လူတွေအနေနဲ့ ၎င်းတို့ ဧရိယာတွေကို လုံခြုံစွာ ဂုဏ်သိက္ခာရှိစွာ နိုင်ငံတကာစံနှုန်းများ၊ လူ့အခွင့်အရေးများနဲ့ အညီ ပြန်နိုင်ရေးအတွက် ကောင်းမွန်တဲ့ အဖြေရှာရေး နှောင့်နှေးခြင်းများအတွက် ဆင်ခြေပေးလို့မရပါဘူး။ ထိုကဲ့သို့သော အစီအစဉ်တစ်ရပ် ဖော်ဆောင်ဖို့အတွက် ကုလသမဂ္ဂဟာ ကူညီဖို့ အဆင်သင့်ပါပဲ။

လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပါဝင်တဲ့ သဘောဆန္ဒအလျောက် နေရာချထားပေးခံရခြင်း၊ ခွဲခြားဆက်ဆံမှု ပြီးဆုံးရေး၊ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ထောင်ရေးနဲ့ အများပြည်သူ လုံခြုံရေးတို့က မရှိမဖြစ် အရေးပါပါတယ်။ တန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှု ကင်းဝေးရေး မူဝါဒများကိုင်စွဲပြီး၊ လူမျိုးရေးမုန်းတီးမှုနဲ့ အကြမ်းဖက်မှု လှုံ့ဆော်ခြင်းများကို တန်ပြန်ဖို့အရေး အဖြေ ရှာခြင်းကိုပြသဖို့ မြန်မာ့ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နဲ့ လက်ခံပေးထားတဲ့ ရပ်ရွာတွေရဲ့ ရက်ရော စေတနာထားမှုကို နောက်တစ်ကြိမ် ဂုဏ်ပြုလိုပါတယ်။ ဒါပေမဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ရာမှာ ကမ္ဘာလုံးချီ ပါဝင်ရမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အကျပ်အတည်းအတွက် နိုင်ငံတကာ လူသားချင်းစာနာမှု ရပ်ခံမှုဟာ ၃၃ ရာခိုင်နှုန်းပဲရရှိပြီး သိသာစွာ ဘဏ္ဍာငွေ လျော့နည်းပါတယ်။ လက်ရှိ နဲ့ ရှေ့ဆက်နေမယ့် မုတ်သုံရာသီမှာ အသက်အန္တရာယ်ရှိမှုတွေကို လျှော့ချနိုင်ဖို့ရာ များစွာ လုပ်ရပါဦးမယ်။ ရိုဟင်ဂျာ ဒုက္ခသည်များနဲ့ လက်ခံပေးထားတဲ့ ရပ်ရွာတွေကို ထောက်ပံ့ပေးဖို့ တစ်ဘီလီယံ ဝက်လောက် ရစေရေး ဆော်ဩပေးတဲ့ ကမ္ဘာ့ဘဏ်နဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျင်ယုံကင်တို့ကို ကျေးဇူးတင်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်က ခွင့်ပြုပေးလိုက်တဲ့ ရန်ပုံငွေ အခြေပြု အကူအညီပေးရေးဟာလည်း ကာလလတ် လိုအပ်ချက်များကို ပြည့်မီစေရေးနဲ့ အသက်အန္တရာယ်က ကယ်တင်ရေး ဦးစားပေးလုပ်ငန်းများအတွက် အင်မတန် အရေးပါပါတယ်။ နောက်ထပ်ကြုံရနိုင်တဲ့ လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းနဲ့ အစွန်းရောက်များ ဖြစ်သွားနိုင်ခြင်းတို့ကို ရှောင်ရှားဖို့အတွက် ဒုက္ခသည်တွေအနေနဲ့ ပညာရေးနဲ့ သက်မွေးဝမ်းကျောင်းမှုတို့ လိုအပ်ပါတယ်။ ကောက်ဘဇားမှာ ကျွန်တော်ကြားခဲ့ရတဲ့ ဇာတ်လမ်းတွေကို မမေ့နိုင်ပါဘူး။ စိတ်အာရုံထိခိုက်ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးဟာ မုဒိမ်းမှုရဲ့ရလဒ်အဖြစ် ရလာတဲ့ ကလေးကို ပွေ့ထားတဲ့ အမေတစ်ယောက်ကိုပြရင်း “မြန်မာဘက်မှာ ကျွန်မတို့လုံခြုံမှုနဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့် လိုပါတယ်။ ပြီးတော့ ကျွန်မတို့ ညီမတွေ၊ သမီးတွေ၊ အမေတွေ ခံစားခဲ့ရတာအတွက် တရားမျှတမှု လိုအပ်ပါတယ်”လို့ ကျွန်တော့်ကို ပြောကြားခဲ့ပါတယ်။ တိုင်းရင်းသား မျိုးနွယ်စုများအကြား စစ်မှန်တဲ့ ပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ခံမှုဟာ အရေးကြီးတော့ ဒေသတွင်းလုံခြုံရေး တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဖွယ်ရာက မြန်မာနိုင်ငံဟာ ယခုကောင်စီဝင်တွေ အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို အကြိမ်ကြိမ်တောင်းဆိုခြင်းများအား ငြင်းဆန်ခဲ့ပါတယ်။ စဉ်းစားဖို့အတွက် တာဝန်ခံမှုဆိုင်ရာ ရွေးချယ်မှုတွေပေးဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ မကြာသေးခင်ကပဲ လူ့အခွင့်အရေးကောင်စီက ခန့်အပ်လိုက်တဲ့ မြန်မာ့အရေး အချက်အလက်ရှာဖွေရေး ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ မစ်ရှင်က အလွန်စိုးရိမ်မိကြောင်း ပြောဆိုပြသခဲ့ပါတယ်။ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာရှိကြောင်း တွေ့ရှိထားပြီး နိုင်ငံတကာဥပဒေအရ အပြင်းထန်ဆုံးသော ရာဇဝတ်မှုများကို သံသယမရှိဖွယ် ကျူးလွန်ထားတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေ အကြံပြုချက်တွေကို ကုလသမဂ္ဂအဖွဲ့အစည်း အားလုံးက သေချာစဉ်းစားသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ 

တာဝန်ခံတဲ့ လုပ်ငန်းစဉ်ဟာ သမာသမတ်ရှိ၊ ပွင့်လင်းမြင်သာ၊ ဘက်မလိုက်၊ လွတ်လပ်ပြီး၊ နိုင်ငံတကာ ဥပဒေအရ မြန်မာက လိုက်နာရမယ့် တာဝန်များနဲ့ ညီစေဖို့ ထိရောက်တဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများဟာ အရေးကြီးပါတယ်။ ကောင်စီဟာ ပြင်းထန်တဲ့ ဥက္ကဋ္ဌထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ထားပါတယ်။ ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ ရခိုင်ပြည်နယ်အရေး လမ်းညွှန်လုပ်ငန်းမူဘောင်တစ်ရပ်ရဲ့ ရှင်းလင်းတဲ့ အကြံပြုချက်များကို ကျွန်တော်တို့ ရရှိထားပါတယ်။ အဆိုပါ လုပ်ငန်းမူဘောင်မှာ ထိခိုက်ခံစားခဲ့ရသူတွေရဲ့ လိုအပ်ချက်များ၊ ခွဲခြားဆက်ဆံခြင်း၊ နှိပ်ကွပ်ခြင်း၊ ဥပဒေ စိုးမိုးမှုမရှိခြင်းစတဲ့ ဖြစ်ရခြင်း အကြောင်းရင်းများကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းရဲ့ မြန်မာပြည်မှာနဲ့ ကမ္ဘာအနှံ့မှာ ပြသခဲ့တဲ့ ၎င်းရဲ့ နိုင်ငံရေးခေါင်းဆောင်ပီသမှုကို ထည့်သွင်းချီးကျူးဂုဏ်ပြုချင်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် အရေးကြီးတဲ့ အခြေအနေတွေ ဖော်ဆောင်ဖို့ များစွာလိုနေသေးပါတယ်။ ရခိုင်ပြည်နယ်မှာ အကြောက်တရားနဲ့ နှိပ်ကွပ်မှုတွေ ရှိနေသမျှ မိမိသဘောဆန္ဒနဲ့ အိမ်ပြန်နိုင်ခြင်းဟာ ဖြစ်ဦးမှာ မဟုတ်ပါဘူး။ ရခိုင်မှာရှိတဲ့ ရပ်ရွာတိုင်းဟာ နွမ်းပါးနေပြီး ရေရှည်တည်တံ့ပြီး အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးရေး လိုအပ်ပါတယ်။ ဒါဟာ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ အမြစ်ခိုင်ဖို့အတွက် လူနည်းစုဖြစ်တဲ့ လူမျိုးနဲ့ ဘာသာဝင်တွေကို ချိုးဖောက်မှုများ ပြီးဆုံးရပါမယ်။ တစ်နှစ်ကုန်သွားပြန်ပါပြီ။ ဒီပြဿနာကြီးဟာ မပြီးနိုင်မဆုံးနိုင် ရှေ့ဆက်နေလို့ မရပါဘူး။ ကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်အတွက် ကောင်စီရဲ့ ညီညွတ်မှုကို ပြသခဲ့ပါပြီ။ လက်တွေ့ဆောင်ရွက်ချက်တွေနဲ့အတူ ရှင်းလင်းတဲ့ လိုလားချက်တွေကို ဖြေကြားရပ်ခံလိုတယ်ဆိုရင်တော့ ဒီညီညွတ်မှုကို ဆက်လိုအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။