News

POST TYPE

EXTRA

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဒီဇင်ဘာတတိယပတ်ထိ လက်ခံမည်
26-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၅

အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့် မလျှောက်ရသေးသူ များအနေနှင့် တက္ကသိုလ်အလိုက် ကျောင်းအပ်လက်ခံမည့် နောက်ဆုံးနေ့ (အများစုသည် ဒီဇင်ဘာလတတိယသီတင်းပတ်) အထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။

တက္ကသိုလ်ဝင်ခွင့်ကို ဇူလိုင် ၂၀ ရက် နောက်ဆုံးထားလျှောက်ကြရန် အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာပြီးဖြစ်သော်လည်း လျှောက်လွှာပိတ်ချိန်တွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်သူ နှစ်သိန်းခြောက်သောင်းနီးပါးရှိသည့်အနက် လျှောက်ထားသူ နှစ်သိန်းပင်မပြည့်သေးသောကြောင့် ရက်တိုးလက်ခံခဲ့ခြင်းဖြစ်သည်။

သို့သော် အဆင့်မြင့်ပညာဦးစီးဌာနသို့ လျှောက်ထားသူဦးရေသည် ဩဂုတ် ၂၃ ရက်အထိ စာရင်းအရ နေ့သင်တန်းအတွက် လျှောက်ထားသူ တစ်သိန်းတစ် သောင်းကျော်၊ အဝေးသင်လျှောက်ထားသူ တစ်သိန်းသုံးသောင်းကျော် စုစုပေါင်း နှစ်သိန်းလေးသောင်းနီးပါး ရှိပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်းက “အဆင့်မြင့်မှာက နေ့သင်တန်းတွေ ကျောင်းအပ်လက်ခံတဲ့ နောက်ဆုံးရက်ထိကို လျှောက်လွှာလက်ခံနေတယ်။ ဒါကြောင့် မလျှောက်ဖြစ်သေးဘူးဆိုရင် ဒီမှာ (အဆင့်မြင့်ပညာ ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ) လာလျှောက်လို့ရတယ်”ဟု ပြောကြားသည်။

ယခုလျှောက်ထားသူများအနက် ဝင်ခွင့်ရစာရင်းကို အောက်တိုဘာ တတိယသီတင်းပတ်တွင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၊ အဆင့်မြင့်ပညာဦးစီးဌာန ဝက်ဘ်ဆိုက်များအပြင် တက္ကသိုလ်စာကပ်၍ ထုတ်ပြန်မည်ဖြစ်သည်။ ဝင်ခွင့်ရစာရင်းကို  နိုဝင်ဘာလလယ်မှသာ ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်တွင် အဆင့်မြင့်ပညာ ဦးစီးဌာနက တစ်လခန့် ကြိုတင်ထုတ်ပြန်မည်ဖြစ်သည်။ 

ယခုနှစ်တွင် တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ထားခွင့်ပြုခဲ့ပြီး ဝင်ခွင့်ရစာရင်းများကို စက်တင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်မည်ဖြစ်ရာ ယင်းတက္ကသိုလ်များမှ ရွေးချယ်မခံရသော ကျောင်းသား၊ ကျောင်းသူများလည်း ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်ရုံးခွဲသို့ လျှောက်လွှာများထပ်မံ ပေးပို့နိုင်မည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၏ ဝင်ခွင့်ရစာရင်းများကိုမူ တိုက်ရိုက်လျှောက်ခွင့်ရတက္ကသိုလ်များ၏ ဝင်ခွင့်ရစာရင်း ထုတ်ပြန်မည့်အချိန်နှင့် တစ်ပြိုင်နက် ထုတ်ပြန်နိုင်ရန် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် တိုက်ရိုက်ဝင်ခွင့်ရွေးချယ်သည့် တက္ကသိုလ်ပါမောက္ခချုပ်များပါဝင်သည့် အစည်းအဝေး ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။

J-19



  • VIA