POST TYPE

EXTRA

အိမ်အကူအမျိုးသမီး အသတ်ခံရမှု နှစ်ဖက်ရှေ့နေပါဝါတင်
ရန်ကုန်၊ ဇွန်၂၈ 

လှည်းကူးမြို့နယ်၊ အင်းတိုင်သံချပ်ကာ တပ်ရင်းရှိ အရာရှိရိပ်သာတွင် အိမ်အကူလုပ်ကိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး နှိပ်စက်ညှဉ်းပန်းခံရသည့် ဒဏ်ရာများဖြင့် သေဆုံးမှုမှ ဥပဒေအရာရှိ အမျိုးသမီးကို လူသတ်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ဇွန်လ၂၈ ရက်နေ့က နှစ်ဖက်ရှေ့နေများမှာ ရုံးတော်သို့ ပါဝါတင်သွင်းခဲ့ကြောင်း တောင်ပိုင်း ခရိုင်တရားရုံးထံမှ သိရသည်။

“ဒီနေ့က နှစ်ဖက်ရှေ့နေ ပါဝါတင်သွင်းတာမို့ လာမယ့်အပတ်မှ တရားလိုဖြစ်သူ အုတ်ဖိုကျေးရွာအုပ်ချုပ်ရေးမှူးကို စစစ်ဆေးဖြစ်မယ်။ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှ ဒီအမှုကို စစစ်ဖြစ်မှာပါ”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

လူသတ်မှုပုဒ်မဖြင့် တောင်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခြင်းခံရသည့် ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုမှာ ၎င်းနေထိုင်သည့် အင်းတိုင်သံချပ်ကာ တပ်ရင်းရှိ အရာရှိရိပ်သာတွင် အိမ်အကူအဖြစ် လာရောက် လုပ်ကိုင်သော အသက် ၄၀ နှစ် မကရင်မ (ခ) မခင်စန္ဒာဦးကို ရွှေဆွဲကြိုး ခိုးယူသည်ဟု စွပ်စွဲပြောဆိုပြီး ခြေထောက်ဖြင့်ကန်ခြင်း၊ ကျောက်ပြင်ဖြင့်ထုခြင်း ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ် မေလ ၁၉ ရက်နေ့က အိမ်အကူဖြစ်သူကို ကျန်းမာရေး မကောင်းဟုဆိုကာ မကရင်မ နေထိုင်သည့် တွံတေးမြို့နယ် ခတ္တိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ ၎င်းကိုယ်တိုင် ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

ယင်းနောက် ကျန်းမာရေး မကောင်းသည့် ကလေးလေးယောက်၏ မိခင်မုဆိုးမဖြစ်သူ မကရင်မကို ရွာသူရွာသားများက ဝိုင်းဝန်းမေးမြန်းကြရာမှ နှိပ်စက်ညှဉ်းပန်းခံရကြောင်း သိရှိခဲ့ပြီး အချိန်မီဆေးရုံသို့ တင်ပို့ကုသရန် စီစဉ်နေစဉ် မကရင်မမှာ သေဆုံးခဲ့သောကြောင့် ယင်းအမှုကို ရဲတပ်ဖွဲ့ကစစ်ဆေးခဲ့ပြီး အသက် ၃၂ နှစ် ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မေလ၂၁ ရက်နေ့က ၎င်းကိုဖမ်းဆီးပြီး တောင်ပိုင်းခရိုင်တရားရုံးတွင် လူသတ်မှုပုဒ်မဖြင့် စတင် တရားစွဲဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03