News

POST TYPE

EXTRA

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အသိပညာပေးဂီတပွဲ ကျင်းပမည်
07-Jun-2018 tagged as အမျိုးသမီး

မန္တလေး၊ ဇွန် ၆

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး အသိပညာပေး ဂီတပွဲတော်ကို ကျောက်ဆည်မြို့နယ် အင်းကုန်းကျေးရွာ၌ ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ Peaceful Land အဖွဲ့ထံမှ သိရသည်။

ကမ္ဘာအနှံ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားနေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှိနေကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မြို့ပေါ်တွင် နေထိုင်သူများအနေနှင့် အသိရှိနေသော်လည်း ကျေးလက်တောရွာများတွင် နေထိုင်သူများသိရှိရန် လိုအပ်နေသေးကြောင်း၊ အသိပညာပေးရာတွင် ဖျော်ဖြေရေး အစီအစဉ်နှင့် တွဲဖက်ပါက ကျေးလက်နေလူထု ပိုမိုသိရှိသဘောပေါက်မည်ဟု ယူဆသောကြောင့် ယခုကဲ့သို့ ပွဲစီစဉ်ရခြင်းဖြစ်ကြောင်း Peaceful Land အဖွဲ့၏ စီမံကိန်းမန်နေဂျာ ဒေါ်ယူကီကိုက ပြောကြားသည်။

“အကြမ်းဖက်ခံရရင် ဘယ်လိုဥပဒေတွေရှိတယ်။ ဘယ်တွေသိဖို့ လိုအပ်တယ်ဆိုတာ အသိပညာပေးချင်တယ်။ အဲဒီလိုလုပ်ရင်းနဲ့မှ သူတို့ကိုယ်တိုင် အသုံးချဖို့ ရည်ရွယ်ပါတယ်”ဟု ၎င်းကပြောဆိုသည်။

အဆိုပါဂီတပွဲတော်ဖြစ်မြောက်ရန် IPACE နှင့် Gender Equality Network (ကျား မ တန်းတူညီမျှရေးကွန်ရက်) တို့က ကူညီထောက်ပံ့ခြင်းဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များအတွက် မန္တလေးဂီတ မိတ်အဖွဲ့နှင့် United Women အမျိုးသမီးအဖွဲ့တို့က ပူးပေါင်း ကူညီပေးမည်ဖြစ်သည်။

ဖျော်ဖြေရေးအစီအစဉ်များတွင် တေးသံရှင်များ၏ သီဆိုမှုအပြင် ပြဇာတ်နှင့် ရှိုးလျှောက်ခြင်းတို့ ပါဝင်မည်ဖြစ်ကာ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

Peaceful Land အဖွဲ့သည် IPACE ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဆရာဖြစ်သင်တန်းမှ သင်တန်းသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

M-07