News

POST TYPE

EXTRA

သမ္မတသစ် ဘယ်သူလဲ
21-Mar-2018
သမ္မတသစ် ဘယ်သူလဲ

သမ္မတဦးထင်ကျော် မတ်လ ၂၁ ရက်နေ့က သမ္မတရာထူးက နုတ်ထွက်သွားခဲ့ပြီး တစ်ချိန်တည်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတစ်ဦးဖြစ်သူ NLD ပါတီ ထိပ်တန်းခေါင်းဆောင် ဦးဝင်းမြင့်ကလည်း လွှတ်တော်ဥက္ကဋ္ဌရာထူးက နုတ်ထွက်ခဲ့ခြင်းကြောင့် ဦးဝင်းမြင့် သမ္မတရာထူး ခန့်အပ်ခြင်းခံရမည်ဟု သုံးသပ်မှုများ ရှိလာခဲ့သည်။ အဆိုပါ သမ္မတရာထူး အပြောင်းအလဲနှင့်ပတ်သက်၍ နိုင်ငံရေး အသိုင်းအဝိုင်း၏ အမြင်များကို ဖော်ပြလိုက်ရသည်။

“ဦးဝင်းမြင့်က သမ္မတရာထူးကိုယူဖို့က အများဆုံး ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”
မုံရွာအောင်ရှင် [အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး]

ဦးဝင်းမြင့်က သမ္မတရာထူးကိုယူဖို့က အများဆုံး ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ သူဖြစ်လာရင်တော့ အားလုံးက သဘောတူကြပါမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဦးဝင်းမြင့်က ပါတီနဲ့ တစ်လျှောက်လုံး ပါလာတာ။ နောက် ပြည်သူ့လွှတ်တော်မှာလည်း ဥက္ကဋ္ဌအနေနဲ့ တော်တော်ကို ကိုင်တွယ်နိုင်တယ်ဗျာ။ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတာက သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်သက်လုံး လက်တွဲညီညီ လုပ်ခဲ့တာလေ။ အဲဒီလို အရည်အချင်းတွေရှိတော့ ဘာပဲဖြစ်ဖြစ် နောက်ထပ် သမ္မတသစ်အနေနဲ့ အလားအလာကောင်းတွေ ရှိတယ်လို့ ပြောလို့ရပါတယ်။ သမ္မတဦးထင်ကျော်က လုပ်ငန်းတာဝန်တွေ မလုပ်ချင်တော့လို့ နုတ်ထွက်တယ်လို့တော့ မထင်မိဘူး။ ကျွန်တော်ထင်တာက သူ့ကျန်းမာရေးကြောင့်ပါပဲ။ အများဆုံး ဖြစ်နိုင်တာက ကျန်းမာရေးကြောင့်ပဲ ဖြစ်နိုင်တယ်။ သတင်းတွေ အများကြီးတော့ ထွက်နေတာပဲလေ။ ကျွန်တော်တို့ကတော့ ကျန်းမာရေးကြောင့်လို့ ယူဆပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီတွင်းက သူယုံကြည်စိတ်ချရပြီးတော့ သင့်တော်မယ့်လူ ရှာတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ရွေးလိုက်တယ်လို့ ထင်ပါတယ်”
ဦးရဲထွန်း (သီပေါ) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

သမ္မတဦးထင်ကျော်က ကျန်းမာရေးကြောင့်တော့ အဓိက ဖြစ်မှာပေါ့။ သူ နုတ်ထွက်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီတွင်းက သူယုံကြည်စိတ်ချရပြီးတော့ သင့်တော်မယ့်လူ ရှာတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ရွေးလိုက်တယ်လို့ ထင်ပါတယ်။ ဦးဝင်းမြင့်အနေနဲ့က ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ကျွန်တော် ထိတွေ့ဆက်ဆံခဲ့ရသလောက်နဲ့ အခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ သူ လုပ်တာကိုင်တာ ကြည့်ရသလောက်တော့ သူက ဥပဒေပြုရေးဘက်မှာလည်း ဘယ်လိုအခြေအနေရှိလဲဆိုတာ သူ နားလည်တတ်ကျွမ်းတာ တွေ့ရတယ်။ သမ္မတဦးထင်ကျော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံးဝကို ရုပ်သေးသမ္မတလို ဖြစ်နေတာပေါ့။ အချို့ လုပ်သင့် လုပ်ထိုက်တာတွေကိုတောင်မှ လုံးဝကို မလုပ်သလိုဖြစ်တော့ အားမရသလို ဖြစ်မိတာပေါ့။ ဆိုတော့ ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည်ကို ကျော်ပြီးတော့ လုပ်ချင်တာကို လုပ်နိုင်တဲ့ အခြေအနေတော့ မရှိဘူးပေါ့။ သူကလည်း ခွင့်ပြုမှာတော့ မဟုတ်ဘူး။ သို့သော် ဘာလုပ်သင့်သလဲဆိုတဲ့ နိုင်ငံရေးအမြင်ကတော့ သူကတော့ ဦးထင်ကျော်ထက် သာလိမ့်မယ် ထင်ပါတယ်။ ပြောချင်တာက ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ နိုင်ငံရေး အမြော်အမြင်ရှိရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီးတော့ မီးစိမ်းပြမှ လုပ်စရာရှိတာ လုပ်ရမှာပေါ့။ အဲဒီလိုကိစ္စမှာ အရင်သမ္မတ ဦးထင်ကျော်ထက်တော့ ပိုလုပ်နိုင်မယ်လို့တော့ ထင်ပါတယ်။

“အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ”
ဒေါ်ခင်စောဝေ (ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်)

သမ္မတဦးထင်ကျော်က ဦးဆောင်ခေါင်းရွက် မပြုနိုင်ခဲ့တာကို တွေ့ရတယ်။ ဦးဝင်းမြင့် သမ္မတဖြစ်လာရင် သူက လွှတ်တော်ထဲက အသံတွေကို၊ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ထဲထဲဝင်ဝင် သိပြီးသားဖြစ်လို့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာအောက်မှာ အလုပ်လုပ်ရမှာပါပဲ”
ဦးဖေသန်း (ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်)

ဦးဝင်းမြင့်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာအောက်မှာ အလုပ် လုပ်ရမှာပါပဲ။

“ဦးဝင်းမြင့် သမ္မတဖြစ်ခဲ့ရင် ကျွန်မတို့က ကြိုဆိုပါတယ်”
ဒေါ်ခင်စန်းလှိုင် (ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

လွှတ်တော်ဥက္ကဋ္ဌကြီး သမ္မတဖြစ်မယ်ဆိုရင်တော့ ကျွန်မတို့ ပြည်သူလူထုတွေအနေနဲ့ အငြင်းပွားစရာတော့ မရှိဘူး။ ဒါပေမဲ့ ဦးဝင်းမြင့်က သမ္မတတစ်ယောက်အနေနဲ့ အစိုးရကို ဘယ်လိုကိုင်တွယ်ထိန်းကျောင်းနိုင်မလဲ၊ အခုဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေထဲမှာ ရုန်းထွက်နိုင်အောင်လို့ သမ္မတတစ်ယောက်အနေနဲ့ ဘယ်လို ထိန်းကျောင်းသွားမလဲ၊ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကောင်းမွန်လာအောင် ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာတော့ ကျွန်မတို့ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်။ ဒီကြားထဲမှာတော့ ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကာလတစ်လျှောက်မှာ လွှတ်တော်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တယ်။ လွှတ်တော်ရဲ့ လုပ်ငန်းစဉ် အားလုံးကိုလည်း လုပ်ကိုင်နိုင်တယ်။ အစိုးရနဲ့ လွှတ်တော်နှစ်ရပ်ကြားမှာ Check and Balance သူ ထိန်းကျောင်းသွားနိုင်တယ်ဆိုတာတော့ ကျွန်မတို့ မြင်ပြီးဖြစ်တယ်။ သမ္မတဖြစ်လာရင်လည်း အဲဒီအတိုင်းပဲ ထိန်းကျောင်းသွားနိုင်မယ်ဆိုရင်တော့ သိပ်စိတ်ပူစရာတော့ မရှိဘူးပေါ့။ သမ္မတကြီးကတော့ သက်တမ်း ၂ နှစ်အတွင်းမှာ ကျွန်မတို့ အားရကျေနပ်အောင် လုပ်ပြနိုင်တဲ့အချက် နည်းပါးတယ်လို့ ပြောနိုင်တယ်။ နောက်တစ်ခုကလည်း သမ္မတကြီးရဲ့ ဆိုးဝါးနေတဲ့ ကျန်းမာရေးကိုလည်း ကျွန်မတို့ စိုးရိမ်ပူပန်ရတယ်။ အခု သမ္မတကြီးကလည်း နုတ်ထွက်သွားတယ်။ ကျွန်မတို့ရဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးကလည်း နုတ်ထွက်သွားလို့ သမ္မတဖြစ်ဖို့ ရေပန်းစားနေတာပေါ့။ ဦးဝင်းမြင့် သမ္မတဖြစ်ခဲ့ရင် ကျွန်မတို့က ကြိုဆိုပါတယ်။