News

POST TYPE

ENVIRONMENT

သဘာဝ ဘေးဒဏ်ခံဒေသများ ပြန်လည် ထူထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စီမံကိန်း ဆောင်ရွက်မည်
08-Jul-2017

ရန်ကုန်၊ ဇူလိုင် ၈ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် နယ်သာလန်နိုင်ငံ အခြေစိုက် အစိုးရ မဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း Consortium of Dutch NGO’s (CND) တို့ ပူးပေါင်းကာ သဘာဝဘေးဒဏ်ခံဒေသများ ပြန်လည် ထူထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

စိုက်ပျိုးရေးဦးစီးဌာနနှင့် CND အဖွဲ့တို့သည် “သဘာဝဘေးဒဏ်ခံဒေသ ပြန်လည် ထူထောင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း”ကို အကောင်အထည်ဖော်ရန်အတွက် ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး ဦးစီးဌာနတွင် လုပ်ငန်းစီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ပြီး ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်မှစကာ သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါစီမံကိန်းကို ပဲခူးတိုင်းဒေသကြီး(ကျောက်ကြီး)၊ ကရင်ပြည်နယ် (သံတောင်ကြီး)၊ ရခိုင်ပြည်နယ် (စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦး) မြို့နယ်တို့တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး သဘာဝဘေးဒဏ်ခံဒေသများတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ သီးနှံမျိုးကွဲအလိုက် အရည်အသွေး ကောင်းမွန်၍ ဒေသနှင့်ကိုက်ညီသော သီးနှံမျိုးပွားများ ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

အဆိုပါဒေသများတွင် ဈေးကွက်ဝင် သီးနှံဖြစ်သည့် ဖာလာ၊ ကော်ဖီနှင့် အခြားဈေးကွက် အလားအလာ ကောင်းသည့် သီးနှံများ ထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် ဈေးကွက်ချိတ်ဆက်မှု တန်ဖိုးမြှင့်တင်ရန် ဆောင်ရွက်ပေးခြင်း၊ တောင်သူလယ်သမားများ၏ အသိပညာနှင့် စွမ်းဆောင်ရည် မြင့်မားရေးအတွက် စိုက်ပျိုးရေး နည်းပညာ သင်တန်းများ ပေးခြင်း၊ မိသားစု စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရ ပြည့်ဝရန်အတွက် အိမ်ခြံဝင်း ဥယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

J-11

  • VIA