News

POST TYPE

ENVIRONMENT

မုတ်သုံလေအားကောင်း၍ မြောက်ပိုင်းဒေသများ မိုးကောင်းနိုင်
03-Jul-2017 tagged as

ရန်ကုန်၊ ဇူလိုင် ၃

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံ လေ ဆက်လက် အားကောင်းနေသည့်အတွက် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးအားကောင်းနိုင်ပြီး မြစ်ရေ မြင့်တက်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မုတ်သုံလေ အားကောင်းနိုင်သည့်  မိုးလယ်ကာလ ရောက်ရှိလာသည့်အတွက်ကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် ယခုသီတင်းပတ်အတွင်း မိုးသည်းထန်နိုင်ပြီး ကမ်းရိုးတန်းဒေသများတွင်လည်း မိုးအားကောင်းနေနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မြောက်ပိုင်း ရေဦးရေဖျားဒေသတွေမှာ မိုးဆက်ကောင်းမယ့် အခြေအနေ တွေ့ရတယ်။ ရေဦးရေဖျားဒေသတွေ မိုး အားကောင်းတော့ မြစ်ရေ တက်လာနိုင်တယ်”ဟု ဦးကျော်လွင်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးအားကောင်းနေသည့်အတွက် ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး ခန္တီးမြို့အတွင်း ရပ်ကွက် အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ဇူလိုင်လ ၂ ရက်နေ့ တိုင်းတာချက်အရ ၉၀၆ စင်တီမီတာရှိပြီး မြစ်ရေမြင့် တက်လာနိုင်သည့်အတွက် မြစ်အောက်ပိုင်းဒေသများတွင် စိုးရိမ်ရေမှတ်အထိ ရောက်ရှိနိုင်သောကြောင့် သတိထားနေထိုင်ကြရန် လိုအပ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးတင်ထိုက်က ပြောကြားသည်။

“မြောက်ဖျားပိုင်းမှာ မိုးအားကောင်းလို့ မြစ်ရေ မြင့်တက်လာနိုင်တယ်။ ဒါကြောင့် အောက်ပိုင်းမြစ်ကမ်းဘေးမှာ နေတဲ့သူတွေ သတိထားနေဖို့ လိုအပ်ပါတယ်”ဟု ၎င်းကဆိုသည်။

ယခုအချိန်သည် မုတ်သုံလေ အားကောင်းသည့်ကာလဖြစ်ပြီး မြစ်ရေ ရုတ်တရက် မြင့်တက်လာခြင်းနှင့် တောင်ကမ်းပါး ပြိုမှုများ ဖြစ်နိုင်သောကြောင့် ဒေသခံများအနေနှင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းများကို ဂရုပြုနားထောင်ကာ လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဧရာဝတီမြစ်၏ စိုးရိမ်ရေမှတ်သည် ၁၂၀ဝ စင်တီမီတာဖြစ်ပြီး ၂၀ဝ၄ ခုနှစ်က မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် အထက် ၁၄၀၈ စင်တီမီတာအထိ မြင့်တက်ခဲ့ဖူးကြောင်း ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

E-03/ R-06

  • VIA
  • TAGS