News

POST TYPE

ENVIRONMENT

ပြင်ဦးလွင်မှ ကျောက်နဂါးလိုဏ်ဂူ အရေးတကြီး ထိန်းသိမ်းရန် လိုအပ်
27-Jun-2017 tagged as


ရန်ကုန်၊ ဇွန် ၂၆

ပြင်ဦးလွင်မြို့နယ်၊ တောင်ကျွန်း ကျေးရွာအုပ်စုအနီး၊ စခန်းကြီးကြိုးဝိုင်း၊ အကွက်အမှတ် ၇ အတွင်း သဘာဝ အလှအပများအတိုင်း တည်ရှိနေသည့် ထုံးကျောက်လိုဏ်ဂူ (ကျောက်နဂါးလိုဏ်ဂူ)ကို အရေးတကြီး ထိန်းသိမ်းရန်လိုအပ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။ 

“အရေးတကြီး ထိန်းသိမ်းဖို့လိုတယ်။ မြန်မြန်ဆန်ဆန်ကို အကောင်အထည်ဖော်မှ ရမှာ။ အဲဒီအနီးအနားမှာ တန်ချိန်များများနဲ့ ဖြတ်နေတဲ့ ကားကြီးတွေ ရှိတဲ့အတွက် ဂူက လမ်းရဲ့အောက်မှာ ရောက်နေတဲ့အတွက် ထိခိုက်နိုင်တယ်”ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ ဥက္ကဋ္ဌ ဦးလေးမြင့်အောင်က ဆိုသည်။

အဆိုပါ လိုဏ်ဂူသည် သဘာဝရေ ကျရာမှ ဖြစ်ပေါ်လာသည့် ကျောက်နံရံများနှင့် သဘာဝ ကျောက်ခက်ပန်းတွဲရှိနေပြီး ခန့်မှန်းပေ တစ်ထောင်ခန့် ရှိကြောင်း၊ ယင်းလိုဏ်ဂူရှိ သဘာဝ အလှအပများ ပျက်စီးဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောဆိုသည်။ 

“ဒီကျောက်လိုဏ်ဂူက တော်တော် ထူးခြားတယ်။ အခုလောလောဆယ် ဖျက်ဆီးတာတွေ ဘာတွေရှိလို့ လူအဝင်အထွက် ခဏ ပိတ်ထားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ လိုဏ်ဂူရှိ ဇီဝဖြစ်စဉ်များ၊ ဘူမိဗေဒ အနေအထားနှင့် ရေရှည်တည်တံ့စေရန် စီမံချက် ရေးဆွဲထိန်းသိမ်းခြင်းတို့ လုပ်ဆောင်နိုင်ရန် လာမည့်သီတင်းပတ်အတွင်း ပညာရှင်များက လာရောက်လေ့လာမည်ဖြစ်ကြောင်း ဦးအောင်မြင့်က ရှင်းပြပြောဆိုသည်။

ယင်းလိုဏ်ဂူသည် ပြင်ဦးလွင်အနီး စခန်းမှ သုံးမိုင်ခွဲခန့် အကွာအဝေးရှိကာ သစ်တောကြိုးဝိုင်းအတွင်း တည်ရှိနေကြောင်း၊ အဆိုပါ လိုဏ်ဂူသို့ ကွင်းဆင်းစစ်ဆေးရာတွင် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံရသည်ကို တွေ့ရှိရသည့်အတွက် ထိန်းသိမ်းရန်လိုအပ်ကြောင်း ဦးလေးမြင့်အောင်က သုံးသပ် ပြောကြားသည်။

လက်ရှိတွင် ယင်းသို့ ဖျက်ဆီးခံရမှုများ ရှိခြင်းကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးက စာထုတ်၍ ဝင်ထွက်သွားလာခြင်း မရှိစေရန် ယာယီ ပိတ်ထားကြောင်း၊ ယင်းနောက် နယ်နိမိတ် တိုင်းတာခြင်း၊ မြေပုံထုတ်ခြင်းတို့ ဆောင်ရွက်ပြီးပါက သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ရန် တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကြောင့် အဆိုပါလိုဏ်ဂူကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနက ဦးဆောင်ကာ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ပူးပေါင်းပြီး ထိန်းသိမ်းရေးကို လုပ်ဆောင်မည်ဖြစ်သည်။

ထို့ပြင် ယင်းထုံးကျောက်လိုဏ်ဂူ၏ သဘာဝ အလှများ မပျက်စီးစေရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အပြင် ဝင်ရောက် ကျူးကျော်မှုများ၊ ဖျက်ဆီးမှုများ၊ ပတ်ဝန်းကျင်အနီး စီးပွားရှာရောင်း ဝယ်လွှဲပြောင်းခြင်းတို့ မရှိစေရန် အလေးထား ဆောင်ရွက်ကာ တားမြစ်အမိန့်များ ထုတ်ပြန်၍ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ကာကွယ်ထိန်းသိမ်းမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

E-03

  • VIA
  • TAGS