News

POST TYPE

ENVIRONMENT

ဖမ်းဆီးရမိခဲ့သည့် မျောက်လေပွေကို ထမံသီဘေးမဲ့တောသို့ ပြန်လွှတ်မည်
20-Jun-2017

ရန်ကုန်၊ ဇွန် ၁၉

မျိုးသုဉ်းရန်အန္တရာယ်ရှိအဆင့် သတ်မှတ်ထားသည့် မျောက်လေပွေ (Slow Loris-Asian) တစ်ကောင်ကို ထမံသီစံပြကျေးရွာ လယ်သမားတစ်ဦးက တွေ့ရှိဖမ်းဆီးခဲ့ပြီး သစ်တောဦးစီးဌာနသို့ အပ်နှံခဲ့ရာ ယင်းမျောက်လေပွေကို ပြုစုထိန်းသိမ်းထားပြီးနောက် ဘေးမဲ့တောအတွင်းသို့ ပြန်လွှတ်မည်ဖြစ်ကြောင်း ထမံသီဘေးမဲ့တောရှေ့တန်းစခန်း အုပ်ချုပ်ရေးမှူး ဦးသန်းလင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ထမံသီစံပြကျေးရွာမှ ဒေသခံတစ်ဦးသည် မယင်းလယ်တောသို့ ဆင်းရာ၌ အဆိုပါ မျောက်လေပွေကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ရာ ထမံသီဘေးမဲ့တော ရှေ့တန်းစခန်းကို လာရောက် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မျောက်လေပွေက ဒဏ်ရာရထားတဲ့အတွက် လောလောဆယ် ပြုစုထားမယ်။ ကျန်းမာရေး ပြန်ကောင်းပြီ၊ စိတ်ချရပြီဆိုမှ သဘာဝတောထဲ ပြန်လွှတ်ပေးမယ်”ဟု ဦးသန်းလင်းက ဆိုသည်။

အဆိုပါ မျောက်လေပွေသည် အလျား ၁၇ လက်မရှိပြီး ငှက်ပျောသီးကိုသာ စားကြောင်း၊ ၎င်းကို ထမံသီဘေးမဲ့တော ရှေ့တန်းစခန်း ဝန်ထမ်းများနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) တို့က ပြုစုထိန်းသိမ်းကာ အခြေအနေကို စောင့်ကြည့်လေ့လာလျက်ရှိကြောင်း အဆိုပါ ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

Bengal Slow Loris (မျောက်လေပွေ) မျိုးစိတ်များကို လူများက အလွယ်တကူ ဖမ်းယူခြင်းနှင့် ၎င်းတို့၏ နေရင်းဒေသများ ပျက်စီးလာခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်းသည် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိလာစေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)မှ တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောဆိုသည်။

“တောတွေကောင်းတုန်းကတော့ အကောင်ရေ တော်တော်များများ ရှိတယ်။ အခုတော့ရှိတော့ရှိတယ် ရှားလာတယ်”ဟု ဦးသန်းလင်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင်ကျက်စားသည့် မျိုးစိတ်မှာ မီးခိုးရောင်သန်းပြီး အရွယ်အစားမှာ တစ်ပေခန့်သာရှိ၍ အလေးချိန်မှာ တစ်ကီလိုခန့်သာ ရှိကြောင်း၊ မျက်လုံးသည် ကိုယ်ခန္ဓာပေါ်တွင် သိသာထင်ရှားစွာ ကြီးမားကျယ်ဝန်း၍ နေ့ဘက်တွင် အမြင်အာရုံ အားနည်းသည့်အတွက် ညဘက်တွင်သာ ကျက်စားကြောင်း ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

အဆိုပါမျိုးစိတ်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးရန်နှင့် တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာတွင် အသုံးပြုရန် ဖမ်းဆီးခြင်းတို့အပြင် ၎င်းတို့နေရင်းဒေသများ ဆုံးရှုံးလာခြင်းတို့ကြောင့် ကောင်ရေကျဆင်းကာ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေကြောင်း ၎င်းတို့ကဆိုသည်။

ယင်းသို့မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့်အတွက် အဆိုပါမျိုးစိတ်ကို IUCN အဖွဲ့က CITES Appendix I  အဖြစ် သတ်မှတ်ကာကွယ်ထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

E-03

  • VIA