News

POST TYPE

ENVIRONMENT

ရန်ကုန်နှင့် ဒေသအချို့ နောက်သုံးရက်အတွင်း မိုးကြီးမည်
05-Jun-2017


ရန်ကုန်၊ ဇွန် ၅

မုတ်သုံလေ အားကောင်းနေသည့် အပြင် မိုးတိမ်တိုက်ကြီးများရွေ့လျားလာနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် နောက်သုံးရက် အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော် မိုးဦးက ပြောကြားသည်။

မြစ်ဝကျွန်းပေါ်ဒေသပေါ်သို့ ဘင်္ဂလားပင်လယ်အော်ဘက်မှ မိုးတိမ် တိုက်စုကြီးများ ရွေ့လျားလာခြင်းကြောင့်  ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် လာမည့်ရက်အနည်းငယ်အတွင်း မိုးအား ဆက်လက် ကောင်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင်လည်း ဇွန်လ ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းများ တိုက်ခတ်ခဲ့ခြင်းကြောင့် မြို့နယ် အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ယာဉ်ကြောများ ပိတ်ဆို့၍ နေအိမ်အချို့ ပျက်စီးမှုများ ရှိခဲ့သည်။

“မနေ့က(ဇွန်လ ၄ ရက်) ရွာတဲ့မိုးက အားကောင်းတယ်။ တစ်နာရီအတွင်းကို သုံးလက်မခွဲကျော်ကျော်လောက် ရွာလိုက်တယ်။ ဆက်ပြီးတော့လည်း မိုး များဦးမယ်”ဟု ဒေါက်တာကျော်မိုးဦးက ဆိုသည်။

အဆိုပါ တိမ်တိုက်စုများ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ရာတွင် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတွင် ၄ ပေမှ ၆ ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

E-03

  • VIA