News

POST TYPE

ENVIRONMENT

အပူပိုင်းမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ဒေသအချို့မိုးကြီးမည်
18-Aug-2016 tagged as မုန်တိုင်း

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း(Dianmu)၏ အကြွင်းအကျန် တိမ်တိုက်များအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးပြီး ရေကြီးရေလျှံကာ မြေပြိုမည့်အန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းသည် သြဂုတ် ၁၉ ရက် ညနေဝန်းကျင်တွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး ယင်းမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များက မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်၍ဝင်လာနိုင်ခြင်းကြောင့် သြဂုတ် ၂၀ ရက်မှ ၂၂ ရက်အတွင်း ဒေသအချို့တွင် မိုးကြီးမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန်သုံးလက်မအထက်ရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မိုးရေချိန်တစ်လက်မခွဲနှင့် အထက်ရွာနိုင်ကြောင်း ယင်းဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့်မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် သြဂုတ် ၂၀ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ မိုးကြီးနိုင်ကြောင်း၊ အဆိုပါတိမ်တိုက်သည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံတောင်ပိုင်းအထိရောက်ရှိမည်ဖြစ်ရာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသသည် သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာလေ့လာတင်ပြနေသည့် MMweather Page တွင် ဖော်ပြထားသည်။

ယင်းသို့မိုးကြီးနိုင်သည့်အတွက် ကုန်းမြင့်ဒေသအနီးနေထိုင်သူများနှင့် မြစ်၊ ချောင်းများအနီးနေထိုင်သူများသည် ရုတ်တရက် မြစ်ရေမြင့်တက်ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းအန္တရာယ်တို့ကို သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်သည်။