News

POST TYPE

ENVIRONMENT

မိုရာမုန်တိုင်းကြောင့် အိမ်ခြေ ၁၂၀ဝ ကျော် ပျက်စီး
31-May-2017

ရန်ကုန်၊ မေ ၃၁

မိုရာအမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၁ ခုမှ အိမ်ခြေ ၁၀၂၇ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး အိမ်ခြေ ၁၈၅ လုံး လုံးဝ ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် စာသင်ကျောင်းအချို့ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ရာ ယင်းကျောင်းများကိုလည်း ကျောင်းမဖွင့်မီ သက်ဆိုင်ရာ တာဝန်ရှိသူများ အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်နေကြောင်း ၎င်းက ပြောဆိုသည်။

“အခုလက်ရှိမှာ ကျွန်တော်တို့ဌာနက ပြည်နယ် အစိုးရအဖွဲ့နဲ့အတူ စစ်တွေမြို့က ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ နေထိုင်ရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ ထောက်ပံ့ပေးနေပါတယ်။ နောက်ရက်တွေမှာလည်း ကျန်တဲ့မြို့နယ်တွေကို ဆက်လက် ထောက်ပံ့သွားမယ်။ ဆက်သွယ်မှုပြတ်နေတာ့ မောင်တောကတော့ စာရင်း ဇယား အတိအကျ မရသေးဘူး။ မနက်ဖြန် (ဇွန် ၁)မှ ကူညီထောက်ပံ့နိုင်ဖို့ သွားရမယ်”ဟု ၎င်းက ရှင်းပြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေနှင့် လုံးဝ ပျက်စီးခဲ့သည့်အိမ်များအနက် ပျဉ်ထောင် သွပ်မိုးအိမ်များအတွက် ကျပ်နှစ်သိန်း၊ ဓနိမိုး၊ ထရံကာအိမ်များအတွက် ကျပ်တစ်သိန်း၊ အိမ်တစ်ပိုင်း ပျက်စီးခြင်းများအတွက် ကျပ် တစ်သောင်းမှ တစ်သိန်းထိ ပျက်စီးသည့် အခြေအနေအပေါ် မူတည်ကာ ထောက်ပံ့ကူညီပေးကြောင်း ဒေါက်တာကိုကိုနိုင်က ထပ်လောင်း ပြောဆိုသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အမ်းနှင့် ဂွမြို့နယ်တို့ ထိခိုက်မှု မရှိဘဲ စစ်တွေ၊ မောင်တောနှင့် မြောက်ဦးမြို့နယ်တို့တွင် အိမ်ခြေ အများဆုံး ပျက်စီးခဲ့ပြီး ကျန်မြို့နယ်များတွင်လည်း အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော နေရာများသို့ မေလ ၃၀ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုရေးအဖွဲ့အစည်းများက ပံ့ပိုးကူညီပေးနေကြောင်း ၎င်းတို့က ပြောဆိုသည်။

J-10

  • VIA