News

POST TYPE

ENVIRONMENT

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒေသအလိုက် မိုးသက်လေပြင်းကျနိုင်
30-May-2017


ရန်ကုန်၊ မေ ၃၀

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်သော်လည်း ယင်းအရှိန်ကြောင့် ဒေသအလိုက် မိုးကြီးကာ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါမုန်တိုင်း၏အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

ထို့ပြင်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

အဆိုပါ မုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သေးသည့်အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေနှင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။

E-03

  • VIA