News

POST TYPE

ENVIRONMENT

သစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ်စီမံကိန်း စတင်
29-May-2017 tagged as သစ်တော

ရန်ကုန်၊ မေ ၂၉

တရားမဝင် သစ်ခိုးထုတ်မှုကြောင့် ပြုန်းတီးမှုပမာဏ မြင့်တက်လာပြီး အရည်အသွေး ကျဆင်းလာသည့် မြန်မာ့သစ်တောများကို ပြန်လည် ထိန်းသိမ်းတည်ထောင်မည့် ၁၀ နှစ်စီမံကိန်းကို စတင် အကောင်အထည်ဖော်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါစီမံကိန်းကို ၂၀၁၇- ၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ ဆောင်ရွက်မည်ဖြစ်ပြီး သစ်တောစိုက်ခင်းများ မူဝါဒရေးဆွဲခြင်းနှင့် သစ်တောများကို ပြန်လည် ထိန်းသိမ်းကာ ပြုစုပျိုးထောင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

သစ်တောပြုန်းတီးကာ အရည်အသွေးနှင့် အတန်းအစား ကျဆင်းနေသည့်အတွက် ဓမ္မတာမျိုးဆက်၍ ပြန်လည် တည်ထောင်ရာတွင် ပထမ ငါးနှစ်တာကာလအတွင်း ၄၃၇ ဒသမ ၇၅၅ ဧကနှင့် ဒုတိယ ငါးနှစ်စီမံကိန်းတွင် ၃၈၀ ဒသမ ၇၈၃ ဧကကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး သဘာဝ တောကျန်များ ထိန်းသိမ်းခြင်းအနေဖြင့် ၁၀ နှစ်စီမံကိန်းကာလအတွင်း ဧကငါးသိန်းကျော်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

လက်ရှိတွင် တရားမဝင် သစ်ခိုးထုတ်မှုအပြင် စားကျက်မြေချခြင်း၊ စိုက်ပျိုးမြေ သစ်ချဲ့ထွင်ခြင်းနှင့် ရွှေ့ပြောင်းတောင်ယာစနစ် ဖော်ဆောင်ခြင်း၊ ကျေးလက်ဒေသခံများက ထင်းခုတ်ယူခြင်း အပါအဝင် ဆည် ရေမြုပ်ခြင်းတို့ကြောင့် သစ်တောဖုံးလွှမ်းမှု ပမာဏ လျော့နည်းလာပြီး အရည်အသွေး ကျဆင်းနေရကြောင်း သစ်တောပညာရှင်များက ပြောကြားသည်။

သစ်တောမြေအတွင်း သစ်တောပြုန်းတီးမှုနှုန်းသည် Forest Resources Assessment 2015 ၂၀၁၅ အရ သုည ဒသမ ၅၁ ရာခိုင်နှုန်း ရှိပြီး သစ်တောမြေပြင်ပတွင် ပြုန်းတီးမှုနှုန်းမှာ ၁ ဒသမ ၂၁ ရာခိုင်နှုန်း ရှိနေသည်။

မြန်မာနိုင်ငံ၏ လက်ရှိသစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသာရှိပြီး ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများစာရင်းတွင် တတိယနေရာသို့ ရောက်ရှိနေသည်။

E-03

  • VIA