News

POST TYPE

ENVIRONMENT

ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းအနီးမှ ဖြတ်ကျော်နိုင်
28-May-2017


ရန်ကုန်၊ မေ ၂၈

ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရခိုင်ကမ်းရိုးတန်းအနီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည် ရွေ့လျားမည်ဖြစ်သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းသည် မုန်တိုင်းစက်ကွင်း အတွင်းသို့ ကျရောက်နေသည့်အတွက် မိုးသက်လေပြင်း တိုက်ခတ်ခြင်းနှင့် မုန်တိုင်းဒီရေ တက်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေး ပြောကြားသည်။

“မုန်တိုင်းဖြတ်ပြီးတဲ့အချိန် မေ ၃၀၊ ၃၁ ဝန်းကျင်မှာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ မိုးသည်းထန်နိုင်တဲ့အတွက် မြေပြိုတာတွေ၊ လျှပ်တစ်ပြက် ရေကြီးတာတွေကို သတိထားဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

ယင်းမုန်တိုင်းသည် မေလ ၂၈ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင် ၄၀ဝ ကျော်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြောက်- အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ထားသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် စသည့်ဒေသများတွင် နေရာ ကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည့်အတွက် ငါးဖမ်းရေယာဉ်နှင့် သင်္ဘောများသည် ထွက်ခွာခြင်း မပြုသင့်ကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ရာ ကုန်းမြင့်တောင်တန်းဒေသ နေထိုင်သူများသည် မြေပြိုမှု အန္တရာယ်ကို သတိပြုသင့်ကြောင်း ယင်းဌာနက သတိပေး အကြံပြုထားသည်။

E-03

  • VIA