News

POST TYPE

ENVIRONMENT

မုန်တိုင်းငယ် အရှိန်ကြောင့် ဒေသအချို့ မိုးကြီးမည်
27-May-2017 tagged as မိုးလေဝသ

ရန်ကုန်၊ မေ ၂၇

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ရာ ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးကာ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီး ရေလျှံခြင်းနှင့် ကုန်းမြင့် တောင်တန်းဒေသများတွင် မိုးများ၍ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် နောက်သုံးရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး ကျန်ဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

ယင်းနောက် မုန်တိုင်းငယ်သည် မေလ ၃၀ ရက်နေ့ ဝန်းကျင်တွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ရောက်ရှိကာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ အကြားတို့မှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ 

မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ရာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနှင့် ကြိုတင် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

E-03