News

POST TYPE

ENVIRONMENT

ဂန့်ဂေါခရိုင် အတွင်းရှိ မျက်စိဝေဒနာရှင်များကို ၃ ရက်အကြာ အခမဲ့ ကုသပေးမည်
27-May-2017 tagged as ဂန့်ဂေါ

ကလေး၊ မေ ၂၇

မကွေးတိုင်း ဂန့်ဂေါမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များကို ၃ ရက်အကြာ အခမဲ့ ဆေးကုသပေးမည် ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေမှူး ဦးဉာဏ်လှိုင်က ပြောသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံမှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာနီလာသိန်း ဦးဆောင်သောအဖွဲ့မှ မျက်စိဝေဒနာရှင်များကို မေလ ၃၀ ရက်နေ့မှ၊ ဇွန်လ ၁ ရက်နေ့အထိ သုံးရက်ကြာ ဆေးကုသပေးမည် ဖြစ်ကြောင်း မျက်စိအတွင်းတိမ်ရောဂါ အပါအဝင် မျက်စိဝေဒနာရှင်များ၊ မျက်မှန်ပြုလုပ်ပေးခြင်း စသည့် ကိစ္စများကို ဂန့်ဂေါခရိုင် ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ကုသပေးမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

“ဒေါက်တာဒေါ်နီလာသိန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လောက်ထဲက အခမဲ့လိုက်ပြီး ဆေးကုသပေးနေတယ်။ အဲ့တာ သူနဲ့ တိုင်းအစိုးရအဖွဲ့နဲ့ ချိတ်မိပြီးတော့ ကျွန်တော်တို့ ခရိုင်အတွင်းမှာ ရှိတဲ့ မျက်စိဝေဒနာရှင်တွေကို အခမဲ့ဆေးကုပေးဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေမှူး ဦးဉာဏ်လှိုင်က ပြောသည်။

မျက်စိဝေဒနာရှင်များ အနေဖြင့် ဆေးဝါးကုသမှု ခံယူလိုပါက ဆက်သွယ်နိုင်ရန်အတွက် မြို့နယ်အခွန်ဦးစီးဌာန၊ ပါရမီလူမှုကူညီရေးအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေမှူးရုံး၊ ဂန့်ဂေါခရိုင် ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်ကျေးရွာများရှိ နီးစပ်ရာ အုပ်ချုပ်ရေမှူးများထံ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း အကြောင်းကြားထားပြီး ဖြစ်ပြီး မေလ ၂၇ ရက်နေ့အထိ ရရှိသော စာရင်းအရ လာရောက်စာရင်းပေးသူ ၁၅၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း ဝေဒနာရှင် ဦးရေ ၂၀၀၀ ကျော်ကို အခမဲ့ ဆေးကုသပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂန့်ဂေါခရိုင်အတွင်း မျက်စိဝေဒနာရှင်များကို အခမဲ့ ဆေးကုသပေမှု ယခင်အစိုးရအဟောင်း လက်ထက်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ပြောကြားသည်။

R 20