News

POST TYPE

ENVIRONMENT

ဧရာဝတီမြစ်ဆုံစီမံကိန်း လေ့လာစိစစ်ရေးကော်မရှင် အစည်းအဝေး သြဂုတ် ၂၁ ရက်နေ့ ကျင်းပမည်
17-Aug-2016

ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားသည့် ဧရာဝတီ- မြစ်ဆုံ မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်းများကို လေ့လာစိစစ် သုံးသပ်မည့် ကော်မရှင် အစည်းအဝေးကို သြဂုတ်လ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါကော်မရှင်ထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီမြစ်ဆုံ အပါအဝင် မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများမှာ ဆက်လက်ဆောင်ရွက်ရန် သင့်/မသင့်နှင့် ပတ်သက်၍ လေ့လာစိစစ် သုံးသပ်ရန် အဆိုပါ အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်အေးက ပြောကြားသည်။

"ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆွေးနွေးသွားမယ်။ လောလောဆယ်တော့ နိုင်ငံတော်အတိုင်ပင်ခံရုံဝန်ကြီးဌာနမှာ လုပ်မယ်လို့ သိထားတယ်"ဟု ၎င်းကဆိုသည်။

ယင်းကော်မရှင်က ဧရာဝတီမြစ်ဆုံ စီမံကိန်း၏ လေ့လာစိစစ်သုံးသပ်မှု ပထမအစီရင်ခံစာကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ အပြီးသတ် တင်ပြမည်ဖြစ်ကြောင်း ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ထံမှ သိရသည်။

ရေအားလျှပ်စစ် ထုတ်ယူရန် မေခ မြစ်ပေါ်တွင် ဆည်တည်ဆောက်ရေး စီမံကိန်းငါးခု၊ မလိခမြစ်ပေါ်တွင် စီမံကိန်းတစ်ခုနှင့် မေခ-မလိခမြစ်ဆုံ စီမံကိန်းအပါအဝင် ဆည်ခုနစ်ခုကို တရုတ်အစိုးရနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိနေသည့်အတွက် ပြည်သူများ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားခဲ့သည်။
ဧရာဝတီမြစ်ဆုံအပါအဝင် ရေအားလျှပ်စစ် ထုတ်ယူရေး စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် မြစ်ကြောင်းတစ်လျှောက် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့် စီမံကိန်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများ အကျိုးဖြစ်ထွန်းမှု အခြေအနေ အပါအဝင် စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်မသင့် လေ့လာစိစစ် ပြန်လည်သုံးသပ်ရန်အတွက် ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ကို သြဂုတ် ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ အမိန့်ဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

  • VIA