POST TYPE

ENVIRONMENT

ဧရာဝတီ၊ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်း၌ မုန်တိုင်း အန္တရာယ် သတိပြုရန်လို
16-May-2017 tagged as မိုးလေဝသ

ရန်ကုန်၊ မေ ၁၆

ကပ္ပလီပင်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် ပိုမို အားကောင်းလာဖွယ် ရှိသည့်အတွက် ဧရာဝတီ တိုင်းဒေသကြီး အပါအဝင် ဒေသသုံးခုသည် သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

“စောင့်ကြည့်ဖို့တော့ လိုတယ်။ ပင်လယ်ပြင်သွားတဲ့သူတွေ အထူး သတိပြုဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်လေဖိအား နည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၏ Cyclone Genesis Potential အရ အားအနည်းငယ် ကောင်းလာပြီး ကျန်မိုးလေဝသ ဌာနများတွင်မူ မတွေ့ရှိရသေးသော်လည်း မြန်မာ့ကမ်းရိုးတန်းနှင့် နီးကပ်ကာ ဦးတည်နေသည့်အတွက် အထူးသဖြင့် ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသများသည် မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သတိထားရမည်ဖြစ်ပြီး ပင်လယ်ပြင် သွားလာနေသည့် ငါးဖမ်းရေယာဉ်နှင့် လှေသင်္ဘောများသည် သတိပြု ထွက်ခွာရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအပြင် လေစုဆုံမှု အားကောင်းသည့် မိုးတိမ်တိုက်ကြီးများသည် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် ဖြစ်ပေါ်နေသည့်အတွက် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သုံးသပ် ပြောကြားသည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ စတင် ဝင်ရောက်နေပြီဖြစ်ရာ ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်း၊ ပင်လယ်ပြင် မိုးလေဝသ အခြေအနေများ ဆိုးရွားတတ်ခြင်းနှင့် မိုးသက်လေပြင်း ကျရောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

“မုတ်သုံဝင်ချိန် ဒေသတွေဆိုရင် နေ့ ည အချိန်မရွေး မိုးရွာပြီ။ လေးငါးရက်လောက်အထိလည်း မိုးတိမ်တောင်တွေ ဆက်ရှိနိုင်သေးတယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။ 

အဆိုပါ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မကွေး တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အဆိုပါ ဌာနက ခန့်မှန်းထားသည်။

E-03