News

POST TYPE

ENVIRONMENT

ဟင်္သာတ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ယူ
17-Aug-2016 tagged as ရေဘေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရှိ မြို့နယ် ၆ခုတွင် ရေဘေးသင့်ခဲ့သော ဒေသခံများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပျက်စီးဆုံးရှုံးသော စာရင်းများကို ကဏ္ဍအလိုက် ကောက်ယူနေကြောင်း  ဟင်္သာတခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးထံမှ သိရှိရသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲဝေ ချထားပေးသော ဘတ်ဂျက်ပေါ် မူတည်ကာ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျ ခွဲဝေထောက်ပံ့မည် ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု စာရင်းဇယားများကို ကောက်ယူနေဆဲဖြစ်ကြောင်း အဆိုပါရုံးမှ ခရိုင်ဦးစီးဌာနမှူး ဦးသန်းစိုးက ပြောကြားသည်။

ဟင်္သာခရိုင်ရှိ မြို့နယ် ၆ခုတွင် သြဂုတ်လ  ၁ရက်နေ့မှ စတင်ကာ ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်း ၁၉၂ ခုတွင်  အိမ်ထောင်စု ၁၂,၃၄၆ စု လူဦးရေ ၄၆,၀၀၀ ခန့်မှာ ယာယီခိုလှုံနေပြီး လိုအပ်သော ထောက်ပံ့မှုများကို ဆောင်ရွက် ပေးထားကြောင်း၊ မြစ်ရေများ ကျဆင်းချိန် ဖြစ်သောကြောင့် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများအပြင် ရေကြီးနစ်မြုပ် ဒဏ်ခံရသည့် အမှန်တကယ် ထိခိုက်ဆုံးရှုံးသည့် ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စာရင်း ကောက်ယူနေကြောင်း ၎င်းက ရှင်းပြသည်။ 

ဟင်္သာတ ခရိုင်တွင်  သြဂုတ်လ ၁၅ ရက်နေ့အထိ ကောက်ယူရရှိသော စာရင်းများအရ ရေကြီးနစ်မြုပ်သော ကျေးရွာ ၃၀၃ ရွာ ၊ ရေမြုပ်အိမ်ခြေ ၂၉၃၅၃ အိမ်၊ အိမ်ထောင်စု ၂၉၇၉၄ စု၊ ရေဘေးသင့်ပြည်သူ ၁၂၂,၂၇၇ ဦး ရှိကြောင်း ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်းက ပြောကြားသည်။

ဧရာဝတီမြစ်မကြီး၏ အလယ်ဗဟိုတွင် ရှိနေသော  ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာ အုပ်စုတွင် အိမ်ခြေ ၄၇၅ အိမ် ရေကြီးနစ်မြုပ်ခဲ့ပြီး ရေလယ်ကျွန်း အောက်ကုန်းရွာ၌ မြစ်ရေ တိုက်စားခြင်းကြောင့် ကမ်းပါးများ ပြိုကျခဲ့သဖြင့် အိမ်ခြေ ၇၃ အိမ်ထပ်မံ ရွှေ့ပြောင်းရကြောင်း၊ အိမ်ခြေ ၄၀ကို ရွှေ့ပြောင်းပြီးသော်လည်း မြေမဝယ်နိုင်သော အိမ်ထောင်စု ၃၃ အိမ်ကို ရွှေ့ပြောင်းရန် ကျန်ရှိနေကြောင်း၊ ရေလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်က ပြောကြားသည်။

နွားကောင်ရေ ၄၀၀ ကျော်ကို မြစ်တစ်ဖက်ကမ်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး ကျေးရွာအတွင်းရှိ ကုန်းမြင့်နေရာများ၌ နွားကောင်ရေ ၈၀ ကျော်ကို ပြောင်းရွှေ့ထားကြောင်း၊  ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ  ရေလယ်ကျွန်း အထက်ကုန်း၊ ရေလယ်ကျွန်း အလယ်ကျွန်း၊ ရေလယ်ကျွန်း တဲတန်း၊ ရေလယ်ကျွန်း ကျောင်းကုန်း၊  ရေလယ်ကျွန်း အောက်ကုန်း စသည့်ရွာများ တည်ရှိပြီး အိမ်ထောင်စု ထက်ဝက်ကျော်မှာ မြေယာမဲ့ဘဝ ဖြစ်ခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။ 

၂၀၁၅ ခုနှစ် ရေဘေးသင့်ကာလတွင် Living Color မီဒီယာက သွားရောက် လှူဒါန်းသော ထန်းတပင်အုပ်စုရှိ တိဃာမာလင်္ကာရ ရွှေကျွန်းတောကျောင်းတိုက်တွင် ရေလယ်ကျွန်းကျေးရွာမှ အိမ်ထောင်စု ၄၀ စု လူဦးရေ ၉၀ ဦး ခိုလှုံနေထိုင်ပြီး ဆန်နှင့် ရေသန့်များ အရေးပေါ် လိုအပ်နေကြောင်း ကျောင်းထိုင်ဆရာတော် အရှင်ဇောတိပါလက မိန့်ကြားသည်။

  • VIA