News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံ တောင်ပိုင်းဒေသအချို့ မုတ်သုံမိုးရွာနိုင်
13-May-2017 tagged as မိုးလေဝသ

ရန်ကုန်၊ မေ ၁၃

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မုတ်သုံလေဦးဝင်ရောက်လာပြီး မြို့ကြီးအချို့တွင် မုတ်သုံမိုးရွာနိုင်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်း ရပ်ဝန်းသည် ပို၍အားကောင်းလာခြင်း မရှိဘဲ ယင်းပင်လယ်ပြင်အတွင်း လေဖိအား နည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေရာမှ မေလ ၂၀ ရက်နေ့ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်ရှိကာ အားကောင်းလာနိုင်ကြောင်း၊ ယင်းအရှိန်ကြောင့် တနင်္သာရီ၊ မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မုတ်သုံလေ စတင်ဝင်ရောက်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ထို့ပြင် မေလ ၁၄ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်း တိုးဝင်မှု အရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးထစ်ချုန်း ရွာနိုင်သည့်အပြင် မုတ်သုံလေဦး ဝင်ရောက်လာနိုင်သည့်အတွက် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးရွာနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ဆက်လက် ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်များ မြင့်တက်ပူပြင်းနေရာ မေလ ၁၃ ရက်နေ့ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၃ ဒီဂရီစင်တီ ဂရိတ်၊ မုံရွာမြို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ မင်းဘူးမြို့၊ အမ်းမြို့နှင့် ဟင်္သာတမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်ရှိပြီး ရန်ကုန်မြို့တော်တွင် ၃၈ ဒီဂရီစင်တီဂရိတ်နှင့် နေပြည်တော်တွင် ၃၉ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ယခုရက်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း သတင်းထုတ်ပြန်သည်။

E-03