News

POST TYPE

ENVIRONMENT

မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း မိုးသက်လေပြင်း ကျရောက်နိုင်
16-Aug-2016

ရန်ကုန်၊ သြဂုတ် ၁၆

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဆင့် ရောက်ရှိနိုင်ခြင်းကြောင့် ရခိုင်ကမ်းရိုးတန်း ဒေသတွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ တောင်ဘက်တွင် ဆက်လက် တည်ရှိနေပြီး ပိုမို အားကောင်းလာကြောင်း၊ ယင်းအရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းဒေသတွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းနှင့် မိုးသက်လေပြင်း ကျရောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

''မုတ်သုံလေ အားကောင်းနေတဲ့အတွက် ကမ်းရိုးတန်းဒေသတွေနဲ့ ဒေသအချို့ မိုးကြီးနိုင်တယ်''ဟု ဒေါက်တာကျော်မိုးဦးက ဆိုသည်။

လက်ရှိဖြစ်နေသည့် Low Pressure Cell INVEST-97B သည် စစ်တွေမြို့ အနောက် - အနောက်မြောက်ဘက် မိုင် ၇ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ တောင်ဘက် ၁၃၅ မိုင်ခန့် အကွာတွင် တည်ရှိနေပြီး ပိုမို အားကောင်းလာနိုင်ကြောင်း၊ ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းနှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင် သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လေ့လာ တင်ပြနေသည့် MMweather Page တွင် ဖော်ပြထားသည်။

ယင်းလေဖိအားနည်းရပ်ဝန်းသည် တိမ်တိုက်များနှင့် စုစည်းပျံ့နှံမှု ကွဲနေပြီး ကုန်းတွင်းပိုင်းသို့ နီးကပ်နေသည့်အတွက် မုန်တိုင်းအဆင့် အားကောင်းစွာ ရောက်ရှိရန် အလားအလာ နည်းနေသော်လည်း လမ်းကြောင်းပြောင်းကာ ရေထဲသို့ ဆင်းလာပါက ပိုမို အားကောင်းလာနိုင်သည့်အတွက် စောင့်ကြည့်ရန် လိုအပ်ကြောင်း ဒေါက်တာကျော်မိုးဦးက ရှင်းပြ ပြောဆိုသည်။

  • VIA