POST TYPE

ENVIRONMENT

ရန်ကုန်နှင့် မြို့ကြီးများ အပူဒဏ်အန္တရာယ်ရှိ
04-May-2017 tagged as မိုးလေဝသ


ရန်ကုန်၊ မေ ၎

မိုးကြိုကာလအတွင်း နေ့အပူချိန်များ မြင့်တက်နေသည့်အပြင် လေထုအတွင်း ရေငွေ့များ ရောနှောနေသည့်အတွက် ရန်ကုန်နှင့် မြို့ကြီးများတွင် ယခုသီတင်းပတ်အတွင်း အပူဒဏ်အန္တရာယ် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် ၄၀ ဒီဂရီစင်တီဂရိတ် အထက်သို့ နေ့အပူချိန်များ မြင့်တက်နေပြီး ရေငွေ့ လေထုအတွင်း ပါဝင်နေသည့်အတွက် လေအပူချိန်နှင့် ရေငွေ့ အပူချိန်နှစ်ရပ်ပေါင်းကို လူ့ခန္ဓာကိုယ်တွင် ခံစားရသည့် အပူချိန်မှာလွန်ကဲကာ အပူဒဏ်နှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ် ရှိနေခြင်းဖြစ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

မေလ ၄ ရက်နေ့က ရန်ကုန်မြို့တော် နှင့် မန္တလေးမြို့တော်၏ နေ့အပူချိန်သည် ၃၉ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး ကျန်ဒေသများတွင်လည်း နေ့အပူချိန်များ တိုးလျက်ရှိနေသည်။

နေ့အပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်ကျော်တွင် လေထုစိုထိုင်းဆ ၄၀ ရာခိုင်နှုန်း ကျော် မကျော် သိရှိရန်လိုအပ်ပြီး ၄၀ ရာခိုင်နှုန်းကျော်ပါက အပူဒဏ် အန္တရာယ် ရှိလာနိုင်ကြောင်း၊ နေ့အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်မှစတင်၍ လေထုစိုထိုင်းဆ ၉၀ ရာခိုင်နှုန်းကျော်ပါကလည်း အလွန်အန္တရာယ် ရှိသည့်အဆင့် ဖြစ်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ဆိုသည်။

ယခု သီတင်းပတ်အတွင်း ရန်ကုန် တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် မြောက်ပိုင်းတို့တွင် မိုးလျော့နည်းနိုင်ပြီး ကျန်ဒေသများတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း၊ ယင်းကြောင့် မိုးလျော့နည်းသည့် ရန်ကုန်နှင့် ဒေသအချို့သည် အပူဒဏ်အန္တရာယ် ပိုရှိ နေရာ အသက်အရွယ် ကြီးရင့်သူများနှင့် ကလေးသူငယ်များသည် အပူဒဏ်အန္တရာယ်ကို ကြိုတင် သတိပြုနေထိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်များ မြင့်တက်နေရာတွင် ထူးခြားသည့် နေ့အပူချိန်မှာ ချောက်မြို့တွင် ၄၅ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံမြို့တွင် ၄၁ ဒီဂရီ စင်တီဂရိတ်၊ နေပြည်တော် (ရေဆင်း)၊ ကလေးဝမြို့၊ ရွှေဘိုမြို့၊ မုံရွာမြို့၊ ညောင်ဦးမြို့၊ ရမည်းသင်းမြို့၊ ကျောက်ဆည်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အမ်းမြို့နှင့် တောင်ငူမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်သို့ မေလ ၄ ရက်နေ့က ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးထစ်ချုန်း ရွာဖို့ရှိတယ်။ နေ့အပူချိန်တွေတော့ အခုလက်ရှိထက် သိသိသာသာ မပြောင်းနိုင်ဘူး”ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း လေထုစိုထိုင်းမှု မြင့်မားနေရာ ပြင်းထန်သည့် အပူလှိုင်း ဖြတ်မည်ဖြစ်ပြီး နယူးဒေလီမြို့တော်တွင် အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နိုင်ကြောင်း၊ လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်ကလည်း ယင်းမြို့တွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ဖူးကြောင်း မိုးလေဝသအရေး ကျွမ်းကျင်သူများက ပြောဆိုသည်။

လက်ရှိတွင် အပူဒဏ်အန္တရာယ်ကို ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ကြိုတင်ပြင်ဆင်ရန်နှင့် ကာကွယ် ဂရုပြုရန် အိန္ဒိယ အစိုးရက သတိပေး ကြေညာလျက် ရှိသည်။

E-03