News

POST TYPE

ENVIRONMENT

မြောက်ပိုင်းဒေသများ မိုးကောင်း၍ ဧရာဝတီမြစ်ရေ မြို့ ကြီးများတွင် ဆက်တက်မည်
26-Apr-2017

ရန်ကုန်၊ ဧပြီ ၂၆

လေပွေလှိုင်းများ အရှိန်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးကောင်းနေရာ ဧရာဝတီမြစ်ရေသည် ဧပြီလ ၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင် ၇ ပေခန့် မြင့်တက်ခဲ့ပြီး မြို့ကြီးများတွင် ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

တိုင်းထွာချက်များအရ မြစ်ကြီးနားမြို့တွင် ၅၃၁ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး နှစ်ရက်အတွင်း ၇ ပေခန့် မြင့်တက်ခဲ့ကြောင်း၊ အဆိုပါမြစ်ရေသည် ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင်လည်း နှစ်ပေခွဲမှ ငါးပေခန့်အထိ မြင့်တက်ခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် လေစုဆုံမှု အားကောင်းနေသည့်အတွက် ယခုလကုန်အထိ ယင်းဒေသများတွင် မိုးရေချိန် တစ်လက်မမှ နှစ်လက်မအတွင်း ရရှိသည်အထိ ထစ်ချုန်းမိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ 

အဆိုပါ မြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်တစ်ရက်မှ သုံးရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တွင် တစ်ပေခွဲမှ ငါးပေခွဲခန့်၊ နောက်နှစ်ရက်မှ ငါးရက်အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် သုံးပေမှ ငါးပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်သည်။

ယင်းသို့ မြစ်ရေမြင့်တက်လာနိုင်သည့်အတွက် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ အပါအဝင် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်သူများအနေနှင့် မြစ်ရေ မြင့်တက်လာနိုင်မှုကို သတိပြု နေထိုင်သင့်ကြောင်း ဒေါက်တာ ကျော်မိုးဦးက ပြောဆိုသည်။

E-03

  • VIA