News

POST TYPE

ENVIRONMENT

ဂန့်ဂေါတွင် လေပြင်းတိုက်၍ လူနေအိမ် ၂၄၀ ကျော် ပျက်စီး
23-Apr-2017 tagged as ဂန့်ဂေါ

ကလေး၊ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း ဧပြီလ ၂၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်၍ လူနေအိမ် ၂၄၀ ကျော် ပျက်စီးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

မွန်းလွဲ ၂ နာရီခန့်မှ ၄ နာရီခွဲခန့်အထိ တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး အနောက်ဂန့်ဂေါ၊ ရှုံးရှီ၊ ပိတောက်ကုန်း၊ လုံခြုံ၊ အုတ်လှ၊ စင်ပုံ၊ စံပယ်၊ ပနန်း၊ ဇာဟော၊ ယင်းမာ၊ ပြည့်ဝ၊ ဝက်ရှု့၊ မြို့ပေါ် မြို့မရပ်ကွက်၊ မြင်သား၊ အိမ်သစ်နှင့် ရွှေဘို စသည့် ကျေးရွာ ၁၅ ရွာနှင့် မြို့ပေါ် ရပ်ကွက် ၁ ခုရှိ လူနေအိမ် ၂၄ဝ ကျော်၊ စာသင်ကျောင်း (၄) ကျောင်း၊ စာသင်ကျောင်း ဝန်ထမ်းအိမ်ရာနှင့် ဘုန်းတော်ကြီးကျောင်းများ အမိုးလန် ပျက်စီးခဲ့ကြောင်း ယင်းရုံးထံမှ သိရှိရသည်။

“ပစ္စည်းထောက်ပံ့မှုတွေ လုပ်ဖို့ကတော့ ပခုက္ကူခရိုင် လူ/ကယ်/ ပြန်ကို ဆက်သွယ်ထားပါတယ်။ ဂန့်ဂေါမြို့မှာရှိတဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ အဖွဲ့ဝင်တွေကိုတော့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့တဲ့ ရွာတွေကို ထွက်သွားပါပြီ။ သူတို့က နေပြီးတော့မှ အမိုးတွေကို သွပ်ရိုက်သံတွေနဲ့ ပြန်မိုးပေးဖို့ လုပ်နေကြပါတယ်” ဟု ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေမှူး ဦးဉာဏ်လှိုင်က ပြောသည်။

ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို ဂန့်ဂေါမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းစစ်ဆေးမှုကို ယနေ့ (ဧပြီလ ၂၃ ရက်) နံနက်ပိုင်းမှ စတင်ပြုလုပ်နေကြောင်း ပျက်စီးသွားသည့် နေအိမ်များအတွက် တစ်အိမ်လျှင် ငွေကျပ် ၂ သောင်းနှင့် ပစ္စည်း (၄) မျိုး ထောက်ပံ့ပေးရန် စီစဉ်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဂန့်ဂေါမြို့ အထွေထွေအုပ်ချုပ်ရေမှူးရုံးထံမှ သိရှိရသည်။

ဂန့်ဂေါမြို့ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှူး ဦးစီးဌာနရုံး ဒုဦးစီးမှူး ဦးသိုက်ထွေးက လေပြင်းသည် ညနေ ၄ နာရီမှ ၄ နာရီ ၂၅ မိနစ်အထိ တစ်နာရီ မိုင် ၃၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

(ပုံစာ -ဂန့်ဂေါမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို မြင်တွေ့ရစဉ်)

ဓာတ်ပုံ - than naing

R – 20