News

POST TYPE

ENVIRONMENT

လေပွေလှိုင်းကြောင့် ဒေသအချို့ ထစ်ချုန်းမိုးနှင့် အတူ လေပြင်းအန္တရာယ်ရှိ
20-Apr-2017

ရန်ကုန်၊ ဧပြီ ၂၀

အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့ (ဧပြီလ ၂၀ ရက်) နေ့မှ ဧပြီလ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် မိုးထစ်ချုန်းရွာခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
“အနောက်လေပွေလှိုင်း အားကောင်းပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးရနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းကာလအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်သည်။
လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည့်အတွက် ယင်းမိုးလေဝသဖြစ်စဉ်များကို အထူးဂရုပြု နေထိုင်သင့်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။ 

E-03