POST TYPE

ENVIRONMENT

အာဆီယံဒေသတွင်း အမြင့်ဆုံး အပူချိန်စံချိန်ကို မြန်မာနိုင်ငံ ရင်ဆိုင်ခဲ့ရ
13-Apr-2017 tagged as အာဆီယံ


ဘန်ကောက်၊ ဧပြီ ၁၃

မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများအနက် အမြင့်မားဆုံးသော အပူချိန်မြင့်တက်မှု စံချိန်တစ်ရပ်ကို လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ရင်ဆိုင်ခဲ့ရကြောင်း Living Asean က ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ယင်း ၂၀၁၀ ပြည့်နှစ်တွင် အယ်လ်နီညိုဖြစ်စဉ်နှင့် ရင်ဆိုင်ကြုံဆုံခဲ့ရကာ အမြင့်ဆုံး စံချိန်တင် အပူချိန်မြင့်တက်မှုကို ရင်ဆိုင်ခဲ့ရသည်မှာ မြင်းမူမြို့ ဖြစ်သည်။

မြင်းမူမြို့တွင် ၂၀၁၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့၌ ဖြစ်ပေါ်ခဲ့သော အပူချိန် ပမာဏသည် ၄၇ ဒသမ ၂ ဒီဂရီ စင်တီဂရိတ် (၁၁၆ ဒသမ ၉၆ ဒီဂရီ ဖာရင်ဟိုက်)ရှိခဲ့ပြီး ယင်းအပူချိန် ပမာဏမှာ အာဆီယံနိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သော အပူချိန်များအနက် အမြင့်မားဆုံး စံချိန်အဖြစ် ယခုအချိန်တိုင်သည်အထိ ရပ်တည်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏နောက်တွင် အာဆီယံဒေသတွင်း ဒုတိယမြောက် အမြင့်မားဆုံး အပူချိန် မြင့်တက်မှုစံချိန်ကို ရင်ဆိုင်ခဲ့ရသည်မှာ ထိုင်းနိုင်ငံဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ Mae Hong Son မြို့၌ ဖြစ်ပေါ်ခဲ့သော အပူချိန် ပမာဏမှာ ၄၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်(၁၁၂ ဒသမ ၃ ဒီဂရီ ဖာရင်ဟိုက်)ရှိခဲ့သည်။

အာဆီယံ ဒေသတွင်း နိုင်ငံများအနက်တွင် အပူချိန်မြင့်တက်မှုစံချိန် အနည်းပါးဆုံးအဖြစ် ရပ်တည်နေသည်မှာ ဘရူနိုင်းနိုင်ငံဖြစ်ပြီး ဘရူနိုင်းနိုင်ငံမှာ အမြင့်ဆုံး အပူချိန်အဖြစ် ၃၅ ဒီဂရီစင်တီဂရိတ် (၉၅ ဒီဂရီဖာရင်ဟိုက်)ကိုသာ ရင်ဆိုင်ခဲ့ရဖူးသည်။

ဘရူနိုင်းနိုင်ငံတွင် နေ့အပူချိန် ၃၅ ဒီဂရိတ် စင်တီဂရိတ်သို့ ရောက်ခဲ့ဖူးသည့်ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့အပူချိန်ကို ရင်ဆိုင်ခဲ့ရသောမြို့မှာ ဘရူနိုင်းနိုင်ငံ၏မြို့တော် ဘန်ဒါဆီရီဘီဂါဝန်ဖြစ်သည်။