POST TYPE

ENVIRONMENT

ရန်ကုန်အပါအဝင် ဒေသအချို့ အချိန်အခါမဟုတ်မိုးရွာမည်
13-Apr-2017 tagged as မိုးလေဝသ


ရန်ကုန်၊ ဧပြီ ၁၃

ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်းသို့ ရွေ့လျားလာနိုင်သည့်အရှိန်ကြောင့် လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း (ရန်ကုန်တိုင်းဒေသကြီး)၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ်၊ ရှမ်းကုန်းမြေမြင့်နှင့် အလယ်ပိုင်း ဒေသများတွင် အချိန်အခါမဟုတ် မိုး(သင်္ကြန်မိုး) ရွာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းချက် ထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၁၃ ရက်) တိုင်းထွာချက်များအရ နောက် ၄၈ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့ကြီးအများစုတွင် နေ့အပူချိန်များ မြင့်တက် လွန်ကဲလျက်ရှိနေပြီး ယနေ့ (ဧပြီ ၁၃ ရက်)တွင် ရန်ကုန်မြို့တော်၌ ၃၈ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တော်နှင့် နေပြည်တော်တို့တွင် အမြင့်ဆုံး ၄၀ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိနိုင်သည်။ 

ထူးခြားသည့်နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅ ဒီဂရီ စင်တီဂရိတ်၊ တောင်တွင်းကြီးမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

E-03