News

POST TYPE

ENVIRONMENT

ဧရာဝတီမြစ်ရေ မြို့ကြီးများတွင် ဆက်တက်မည်
02-Apr-2017 tagged as ဧရာဝတီ

ရန်ကုန်၊ ဧပြီ ၂

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းနေမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၇ ပေခန့် ရုတ်တရက် မြင့်တက်ခဲ့ပြီး မန္တလေး၊ ဗန်းမော်၊ ပခုက္ကူနှင့် ညောင်ဦး အစရှိသည့် မြို့ကြီးများတွင် မြစ်ရေ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

လေပွေလှိုင်းများ၏ အရှိန်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများနှင့် ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ ဧရာဝတီမြစ် အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်နှစ်ရက်အတွင်း ရွှေကူမြို့နှင့် ကသာမြို့တို့တွင် နှစ်ပေခွဲမှ ခြောက်ပေခန့်၊ နောက်နှစ်ရက်မှ ခြောက်ရက်အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် နှစ်ပေခွဲမှ လေးပေခန့် လက်ရှိ ရေမှတ်များ အထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

ယခုကဲ့သို့ နွေရာသီ ရေနည်းကာလတွင် ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်သည့်အတွက် မြစ်ကြောင်းအတွင်း သွားလာနေသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ အနေနှင့် ဂရုပြုသင့်ပြီး မြစ်ရေနည်းနေစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများသည်လည်း မြစ်ရေ တိုးလာနိုင်မှုကို သတိပြုသင့်ကြောင်း အဆိုပါ ဌာနက ထုတ်ပြန်သည်။

အချိန်အခါမဟုတ် မိုးများ ဒေသအချို့တွင် ရွာသွန်းနေရာ မှတ်သားဖွယ်ရာ မိုးရေချိန်များသည် ခန္တီးမြို့တွင်၂ လက်မ၊ ပူတာအိုမြို့တွင် သုည ဒသမ ၇၅ လက်မ၊ မချမ်းဘောမြို့တွင် သုည ဒသမ ၆၃ လက်မ၊ မြစ်ကြီးနားမြို့တွင် သုည ဒသမ ၅၉ လက်မ၊ လားရှိုးမြို့တွင် သုည ဒသမ ၃၁ လက်မနှင့် ကျိုင်းတုံမြို့တွင် သုည ဒသမ ၂၈ လက်မ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

E-03