News

POST TYPE

ENVIRONMENT

သစ်ခိုးထုတ်မှုတွင် ပါဝင်သော သစ်တောအရာရှိ ၉ ဦးကို အလုပ်ထုတ်
28-Mar-2017 tagged as သစ် ခိုးမှု

ရန်ကုန်၊ မတ် ၂၈

ကယားပြည်နယ် ဘော်လခဲမြို့နယ်အတွင်းမှ တရားမဝင် သစ်ခိုးထုတ်မှု၌ ပါဝင် ပတ်သက်သော သစ်တောအရာရှိ ၉ ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်က ပြောသည်။

“ရာထူးမှ ထုတ်ပယ်လိုက်တယ်။ ကျူးလွန်မှုမှာ ပါဝင်ပတ်သက်လို့ ဖြစ်တယ်”ဟု ဝန်ကြီး ဦးတီရယ်က ဆက်လက်ပြောသည်။

အဆိုပါ သစ်တော အရာရှိများသည် ဘော်လခဲ၊ ဖားဆောင်းမြို့နယ်အတွင်းရှိ တရားမဝင် ထုတ်ယူလာသော သစ်ကားများကို တစ်စီးလျှင် ငါးသောင်းကျပ် လာဘ်ယူခဲ့ပြီး ဖြတ်သန်းခွင့်ရရှိရန် ကူညီခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြည်နယ် အစိုးရအဖွဲ့က ဖွဲ့စည်းခဲ့သည်။

ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးရာတွင် ကျူးလွန်ကြောင်း တွေ့ရှိရ၍ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထိုသို့ သစ်ခိုးထုတ်မှု၌ ပါဝင်ပတ်သက်သော ဘော်လခဲမြို့ သစ်တောဦးစီးဌာနမှ တောအုပ် ၂ ဦး၊ တောခေါင်း ၇ ဦးကို ရာထူးမှ မတ်လအတွင်း၌ ထုတ်ပယ်ခဲ့ပြီး မြို့နယ် သစ်တောဦးစီးမှူးကို ရာထူး လျှော့ချခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ အတည်ပြုပြောကြားသည်။

“ရာထူးမှ ထုတ်ပယ်ခဲ့တယ်။ အခြား ဥပဒေအရတော့ ထပ်ပြီးဆွဲတာတော့ မရှိဘူး”ဟု သံယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်က ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ကယား ပြည်နယ် ဘော်လခဲမြို့နှင့် ဖရူဆိုမြို့နယ်အတွင်း တရားမဝင် သစ်တန်ချိန် ၁၃၀ ခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ စာရင်းထုတ်ပြန်ထားသည်။  

J-07