News

POST TYPE

ENVIRONMENT

နေ့အပူချိန်များ လွန်ကဲ၍ လေပြင်း အန္တရာယ်ရှိနိုင်
28-Mar-2017 tagged as


ရန်ကုန်၊ မတ် ၂၇

ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နေ့အပူချိန်များ ၄၀ ဒီဂရီစင်တီဂရိတ်အထက် ကျော်လွန် ရောက်ရှိနေသည့်အတွက် မိုးတိမ်တောင်များကြောင့် လေပြင်းအန္တရာယ် ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးအချို့တွင် နေ့အပူချိန်များ တိုးလျက်ရှိရာ ယင်းအရှိန်ကြောင့် လေထုအတွင်း အပူပျံတက်မှုကြောင့် မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်လာပြီး လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်အန္တရာယ်များ ရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“နေ့အပူချိန်တွေ တိုးနေရင် ဘာစိုးရိမ်ရလဲဆိုတော့ လေပြင်းတိုက်တာတို့၊ မိုးသီးကြွေတာတို့ ဖြစ်နိုင်တဲ့အပြင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေပါ မြင့်တက်လာနိုင်တဲ့အတွက် တော်တော်လေး သတိပြုဖို့ လိုတယ်”ဟု ဒေါက်တာ ကျော်မိုးဦးက ဆိုသည်။

ဧပြီလအတွင်း၌လည်း နေ့အပူချိန်များ ပို၍ မြင့်တက်လာနိုင်ဖွယ် ရှိသည့်အတွက် မိုးတိမ်တောင်ကြောင့် လေပြင်း တိုက်ခတ်ခြင်း အန္တရာယ်အပြင် အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများအား ကောင်းလာပါက ပင်လယ်ပြင်၌ လှိုင်းကြီးပြီး လေပြင်း တိုက်ခတ်နိုင်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်စီ၊ နေပြည်တော် (ဇေယျာသီရိ)၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့၊ တောင်တွင်းကြီးမြို့၊ ပေါက်မြို့၊ ပြည်မြို့၊ တောင်ငူမြို့နှင့် ဘားအံမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးနှင့် ကလေးဝမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၅၀ ကျော် ပျက်စီးခဲ့ရသည်။

E-03

  • TAGS