News

POST TYPE

ENVIRONMENT

နှစ် ၅၀ အတွင်း မြစ်ဝကျွန်းပေါ်ဒေသအချို့ ရေအောက်နစ်မြုပ်နိုင်
25-Mar-2017 tagged as မိုးလေဝသ

ရန်ကုန်၊ မတ် ၂၃

ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသော မြန်မာနိုင်ငံတွင် လာမည့် နှစ် ၅၀ အတွင်း အပူချိန်မြင့်တက်ပြီး မြစ်ဝကျွန်းပေါ်ဒေသအချို့ ရေအောက်နစ်မြုပ်နိုင်ကြောင်း မတ်လ ၂၁  ရက်နေ့က ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှု အခြေအနေ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုသည် ၂၀၂၀ နှင့် ၂၀၅၀ ပြည့်နှစ်အလွန်တွင် များစွာ ပြောင်းလဲသွားနိုင်ပြီး အပူချိန်၊ မိုးရေချိန်နှင့် ပင်လယ်ရေမျက်နှာပြင်တို့ မြင့်တက်လာကာ ဆိုင်ကလုန်းမုန်တိုင်းများနှင့်အတူ မုတ်သုံရာသီဥတုလည်း ပြောင်းလဲမည် ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

“ရေခဲတောင်တွေကလည်း အရည်ပျော်လာပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်က မြင့်တက်နေတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ခြေ ရှိတာတွေကို တွက်ထုတ်ထားတာ ဖြစ်တယ်။ မူဝါဒတွေကိုလည်း ကြိုတင်ပြင်ဆင်ဖို့ လိုတယ်” ဟု မိုးလေဝသနှင့်  ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

လာမည့်နှစ် ၅၀ အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အပူချိန်သည် ၁ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်မှ ၂  ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပြီး အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေမည် ဖြစ်ကြောင်း၊ ယင်းအပြင် မုတ်သုံရာသီ ပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာပြီး  မိုးရာသီအတွင်း မိုးရွာသွန်းမှုပိုခြင်းနှင့် မိုးခေါင်ရေရှားပါးမှု နှစ်မျိုးလုံး ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ခန့်မှန်းထားသည်။ 

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်သည် ၄၀ စင်တီမီတာအထိ မြင့်တက်လာနိုင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ မြေနိမ့်ပိုင်း ဧရိယာများသည် လက်ရှိကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ ရေအောက်နစ်မြုပ်ဖွယ် ရှိကြောင်း ယင်းအစီရင်ခံစာတွင် ပါဝင်သည်။ 

“ခန့်မှန်းတွက်ချက်မှုတွေက အမြဲတမ်း ကွက်တိမှန်လိမ့်မယ်လို့ မဆိုနိုင်ပေမယ့် ပြောင်းလဲနေတယ် ဆိုတာကတော့ အသေချာဆုံး ဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို မူဝါဒ ချမှတ်သူတွေက ဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ ပိုမိုအသုံးချနိုင်ပြီး မြန်မာနိုင်ငံကို သူရဲ့သဘာဝ ဂေဟစနစ်တွေကို ထိန်းသိမ်းရင်း ဖွံ့ဖြိုးတိုးတက်လာတာ မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု WWF မြန်မာမှ အစိမ်းရောင် စီးပွားရေး အစီအစဉ် မန်နေဂျာ Hanna  Helsingen က ဆိုသည်။ 

မြန်မာနိုင်ငံတစ်ဝန်းရှိ မိုးလေဝသစခန်း ၁၉ ခုမှ နှစ်ရှည် သမိုင်းအချက်အလက်များအပေါ် အခြေခံပြီး အဆိုပါ အစီရင်ခံစာကို ရေးသားထားခြင်း ဖြစ်သည်။