News

POST TYPE

ENVIRONMENT

မြန်မာ့ကျွန်းသစ်တင်သွင်းမှု ဒိန်းမတ်ပိတ်
17-Mar-2017

ရန်ကုန်၊ မတ် ၁၆

ဥရောပသမဂ္ဂသို့ ကျွန်းသစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ မြန်မာ့ကျွန်းသစ် တင်သွင်းမှုကို ဒိန်းမတ်နိုင်ငံ အစိုးရက တားမြစ် ပိတ်ပင်လိုက်ကြောင်း သဘာဝ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) က သတင်းထုတ်ပြန်သည်။

EIA က ဒိန်းမတ်သစ်ကုမ္ပဏီ Keflico သည် ဥရောပသမဂ္ဂသို့ သစ်တင်သွင်းမှု ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း  တင်ပြပြီးနောက် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“နိုင်ငံတစ်ခုရဲ့ သစ်တောတွေ ထိန်းတာ၊ ထုတ်လုပ်တာတွေ စနစ်မကျလို့ ထာဝစဉ် တည်တံ့နိုင်မှုမရှိတဲ့ အန္တရာယ်မျိုးတွေအပြင် လာဘ်ပေးလာဘ်ယူမှုတို့၊ အကျင့်ပျက် ခြစားမှုတွေ ရှိ မရှိဆိုတာ အဆင့်သတ်မှတ်တဲ့အခါ ဒိန်းမတ်က အကောင်းဆုံးနိုင်ငံတွေမှာ နံပါတ် ၂ ဖြစ်တယ်။ မြန်မာနိုင်ငံက အဆင့် အများကြီး နိမ့်ကျနေတယ်။ ဒါကြောင့် ဒီလိုလုပ်တာက သတိပေးလိုက်တာပါပဲ”ဟု သစ်တော ပညာရှင် ဒေါက်တာကျော်တင့်က ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း ဆွီဒင်သစ်ကုမ္ပဏီ Almtra Nordic  ကို ဆွီဒင်အာဏာပိုင်များက ဥရောပသမဂ္ဂသို့ သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်မှုဖြင့် အရေးယူပြီးနောက် ဒိန်းမတ်နိုင်ငံက ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ သစ်ထုတ်လုပ်ရန်နှင့် နိုင်ငံခြားသို့ တင်ပို့ရန် တာဝန်ရှိနေသည့် မြန်မာအစိုးရ တစ်ဝက်ပိုင် မြန်မာ့သစ်လုပ်ငန်း၏ ဆောင်ရွက်မှုများသည် ပွင့်လင်း မြင်သာမှု မရှိခြင်းနှင့် ဥပဒေ ချိုးဖောက်၍ တရားမဝင် သစ်ထုတ်မှုများ ရှိနေသည့်အတွက် ကျွန်းသစ်များကို ကြိုတင်စုံစမ်း စစ်ဆေးရန် လက်ရှိ အခြေအနေတွင် မဖြစ်နိုင်ကြောင်း EIA က ပြောဆိုထားသည်။

ယင်းသို့ မြန်မာ့ကျွန်းသစ်ကို ဒိန်းမတ်နိုင်ငံသို့ တင်သွင်းခွင့် မပြုလိုက်ခြင်းသည် ကျွန်းသစ် အရည်အသွေး နိမ့်ကျလာသည့် မြန်မာ့သစ်တောများအတွက် ထုတ်ယူမှုနှုန်း ကျဆင်းနိုင်သော်လည်း သစ်လုပ်ငန်းရှင်များ အနေနှင့်မူ အဓိက ဈေးကွက်ဖြစ်နေသည့်အတွက် အခက်တွေ့နိုင်ကြောင်း ဒေါက်တာ ကျော်တင့်က ထပ်လောင်း ပြောဆိုသည်။

မြန်မာ့သစ်လုပ်ငန်း အနေနှင့်လည်း သစ်လုပ်ငန်းတွင် ဖြစ်ပေါ်နေသော ဥပဒေချိုးဖောက်မှုများကို အမြန်ဆုံး ဖော်ထုတ် ဆောင်ရွက်ကာ ဘက်မလိုက်သော အဖွဲ့များ စောင့်ကြည့်နိုင်ရန်အတွက် ခွင့်ပြုနိုင်ရန်လိုအပ်ကြောင်း၊ ယင်းသို့ မဟုတ်ပါက အမြတ်များစွာ ရနိုင်သည့် ဥရောပသစ်ဈေးကွက်ကို ထာဝရ လက်လွှတ်ရမည့်  အန္တရာယ်ရှိနေကြောင်း EIA မှ သစ်တောဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူ Mr. Peter Cooper က ပြောကြားသည်။ 

ယင်းကြောင့် မြန်မာ့သစ် တင်ပို့ရာတွင် တရားဝင်သစ်ဟု အာမခံသည့်စနစ် (MTLAS) ကို ကျင့်သုံးရန် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့(FAO) နှင့် ဥရောပသမဂ္ဂ (EU) တို့၏ အထောက်အပံ့ဖြင့် နိုင်ငံတကာ လိုအပ်ချက်များနှင့် ကွာဟနေမှု၊ လိုအပ်နေမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ်ငန်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါစနစ် ကျင့်သုံးခြင်းကြောင့် တရားဝင်သစ်ဟု သတ်မှတ်ခြင်း မပြုနိုင်သည့် ဖမ်းဆီးရမိသည့်သစ်များကို ပြည်ပသို့ တင်ပို့ခွင့်မပြုဘဲ ပြည်တွင်း၌သာ အသုံးပြုစေမည်ဖြစ်ပြီး နိုင်ငံခြား တင်ပို့သူများသည် တင်ပို့သည့်သစ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာကျင့်သုံး တင်ပို့နေခြင်းသာဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

E-03

  • VIA