POST TYPE

ENVIRONMENT

ချောင်းသာသို့ လာရောက်သူ အထူးများပြား
09-Mar-2017

ရန်ကုန်၊ မတ် ၈

ပြည်တွင်းခရီးသည်များ လည်ပတ်မှု များပြားသည့် ချောင်းသာကမ်းခြေသို့ ခရီးသည် ဝင်ရောက်မှုနှုန်းသည် ယခင်နှစ် ကာလတူထက် ခရီးသည်ဦးရေ တစ်သောင်းခန့် ပိုမို မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (ပုသိမ်ဌာနခွဲ)၏ စာရင်းများအရ သိရသည်။

ချောင်းသာကမ်းခြေသို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်တွင်းခရီးသည် နှစ်သောင်းသုံးထောင့်ရှစ်ရာကျော်နှင့် ပြည်ပခရီးသည် ခုနစ်ရာ့လေးဆယ်ကျော် ဝင်ရောက် လည်ပတ်ခဲ့ကြောင်း စာရင်း ထုတ်ပြန်ထားပြီး ယခင်နှစ်က ပြည်တွင်း ခရီးသည်ဦးရေ တစ်သောင်းခွဲ နီးပါးနှင့် ပြည်ပခရီးသည် ခြောက်ရာကျော်သာ ဝင်ရောက်ခဲ့သည်။

“ချောင်းသာက ပြည်တွင်းက အဓိက လာလည်တာ များတယ်။ ပွင့်လင်း ရာသီကစပြီး ဝင်ရောက်မှု မြင့်တက်လာတာပါ”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (ပုသိမ်ဌာနခွဲ) တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ချောင်းသာဒေသသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ခရီးသွားများအကြား စိတ်ဝင်စားမှု အများဆုံး ဖြစ်ခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ကြိုတင် အခန်းငှားရမ်းမှုများ မြင့်တက်လာကြောင်း၊ ဖေဖော်ဝါရီလအတွင်း အွန်လိုင်းမှတစ်ဆင့် ဟိုတယ် အခန်းကြိုတင် ငှားရမ်းမှု၏ ငါးဆယ်ရာခိုင်နှုန်းကျော်အနက် ချောင်းသာကမ်းခြေသို့ လည်ပတ်ရန် ဟိုတယ် ကြိုတင်ငှားရမ်းသူ ၂၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်း ဟိုတယ် ဘွတ်ကင်ဝန် ဆောင်မှု ဝက်ဘ်ဆိုက် Jovago က ထုတ်ပြန်သည်။

“ပွင့်လင်းရာသီလည်း ဖြစ်တယ်။ ကျောင်းတချို့လည်း ပိတ်ပြီ။ နောက် ချောင်းသာကလည်း တခြားနေရာထက် အစားသောက် လမ်းပန်းဆက်သွယ်ရေးက ပိုလွယ်ကူတော့ အခုလို ခရီးသွား များလာတာပါ”ဟု Jovago မှ မန်နေဂျင်း ဒါရိုက်တာ Mr.Frans Maas က ဆိုသည်။

ချောင်းသာကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ဟိုတယ် ၁၉ လုံးနှင့် တည်းခိုရိပ်သာ ငါးလုံး ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် တစ်ခုလုံးတွင် ချောင်းသာကမ်းခြေသို့ ပြည်တွင်း ခရီးသည် နှစ်သိန်းနှစ်သောင်းကျော်နှင့် ပြည်ပခရီးသည် နှစ်ထောင့်ရှစ်ရာကျော် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ပုသိမ်ဌာနခွဲထံမှ သိရသည်။

ချောင်းသာကမ်းခြေသို့ ခရီးသည် ဝင်ရောက်မှု များပြားလာသည်နှင့်အမျှ သန့်ရှင်းရေးကို ပိုမိုပြုလုပ်ရန် လိုအပ်လာကြောင်း ဒေသခံများနှင့်ခရီးသွားများထံမှ သိရသည်။                         

J-14

  • VIA