News

POST TYPE

ENVIRONMENT

ခါကာဘိုရာဇီဒေသ ကမ္ဘာ့အမွေအနှစ် သတ်မှတ်ရေး ကော်မတီဖွဲ့ ကြီးကြပ်
07-Mar-2017


ရန်ကုန်၊ မတ် ၆

မြန်မာ့မြောက်ဖျားဒေသ(ခါကာ ဘိုရာဇီဒေသ) ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် အမည်စာရင်း တင်သွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက် ကြီးကြပ်ရန် ကော်မတီ ဖွဲ့စည်းခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနထံမှ သိရသည်။
 
ကုလသမဂ္ဂ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (ယူနက်စကို)သို့ အမည်စာရင်း တင်သွင်းရန် အဆိုပါ ကော်မတီက ကြီးကြပ် ဆောင်ရွက်မည် ဖြစ်ပြီး ကော်မတီတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ထားပြီး အဖွဲ့ဝင် ၂၀ ကျော်ဖြင့် ကော်မတီကို ဖွဲ့စည်းထားကြောင်း ယင်းဌာနထံမှ သိရသည်။ 

ယင်းသို့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် မြောက်ဖျားဒေသ ဆက်စပ် သစ်တောများကို ကမ္ဘာ့သဘာဝ အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် အဆိုပြုလွှာကို UNESCO အဖွဲ့ကြီးထံ လာမည့် စက်တင်ဘာလ၌ တင်သွင်းမည်ဖြစ်ကြောင်း ယူနက်စကိုနှင့် သစ်တောဦးစီးဌာနက ကြေညာထားသည်။ 

မြောက်ဖျားဒေသ သစ်တောနယ် မြေများနှင့် ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်တို့ကို မြန်မာ့မြောက်ဖျား တောင်ပေါ်ဆက်စပ် သစ်တောဒေသအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းနယ်မြေများသည် ကမ္ဘာ့ဇီဝ မျိုးစုံမျိုးကွဲ ထူးခြားမှုဒေသများအနက် တစ်ခု အပါအဝင်ဖြစ်ကာ ရှားပါးသည့် ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိနေကြောင်း ယူနက်စကို(မြန်မာ)၏ စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ပြောဆိုသည်။

ယခုဖွဲ့စည်းလိုက်သည့် ကော်မတီက ခါကာဘိုရာဇီ သဘာဝ အမွေအနှစ်များကို ဒေသဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် မထိခိုက် မပျက်စီးစေရန် စောင့်ကြည့်ရမည်ဖြစ်ပြီး လုပ်ငန်း စီမံချက်များ ရေးဆွဲခြင်းနှင့် ဒေသခံများကို ဆောင်ရန်၊ ရှောင်ရန်နှင့် ကန့်သတ်ချက်များကို လိုက်နာစေရန် ပညာပေး ကြီးကြပ်ရမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

အဆိုပြုလွှာကို ယူနက်စကိုထံ တင်သွင်းပြီးပါက ၂၀၁၈ ခုနှစ်အတွင်း ဆန်းစစ် စစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို ပြင်ဆင် ဖြည့်စွက်၍ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် ယူနက်စကို ကမ္ဘာ့ အမွေအနှစ်ဆိုင်ရာ ကော်မတီ အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်သည်။

E-03

  • VIA